Connect with us

Local

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျော ညီထွေသည့် ဘဏ္ဍာငွေအရအသုံး များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတဆို

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေး ကော်မရှင် (၁/၂၀၁၆) အစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ- Myanmar President Office)

ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အစိုးရအနေဖြင့် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခု ပေါ်ပေါက်ရေးနှင့် ပြည်သူလူထု အများစု၏ လူနေမှုဘဝ အဆင့်အတန်း တိုးတက် မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ဘဏ္ဍာရေးနှစ် အလိုက် ယင်းမူဝါဒများနှင့်အညီ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လိုက်လျော ညီထွေသည့် ဘဏ္ဍာငွေ အရအသုံး များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေး ကော်မရှင် (၁/၂၀၁၆) အစည်းအဝေးတွင် ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးသည် အစိုးရသစ် လက်ထက်တွင် ပထမဦးဆုံး ကျင်းပသည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေးဖြစ်ပြီး ယခုအစည်းအဝေးတွင် ပြီးခဲ့သည့် အစိုးရ လက်ထက်၌ အတည်ပြုခဲ့သည့် ၂၀၁၆-၂၀၁၇ ခု ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေကြမ်းကို ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ အတည်ပြုရန် အဓိက ဆွေးနွေးကြသည်။
နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး ကဏ္ဍများမှာလည်း တိုးမြှင့် သုံးစွဲသွားမည် ဖြစ်သည့်အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီး ရရှိရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုး တိုးတက်ရေး စသည့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် မူဝါဒ လမ်းစဉ်များ ချမှတ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဆိုသည်။
တယ်လီဖုန်း ခေါ်ဆိုခများမှ ကောက်ခံရရှိသည့် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြစ်သည့် ကျပ် ၇,၅၀၀ သန်းကို နိုင်ငံတော် အနေဖြင့် ပြည်သူလူထု အတွက် တိုက်ရိုက် အကျိုးရှိစေမည့် ကဏ္ဍများတွင် အသုံးပြုမည် ဖြစ်ပြီး ကနဦးအနေဖြင့် ပညာရေး အတွက် စတင်သုံးစွဲ နေပါကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောသည်။
ယင်း အစည်းအဝေးတွင် ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး ကာရံခြင်းနှင့် မြန်မာ-အိန္ဒိယ နယ်စပ် ခြံစည်းရိုး ကာရံခြင်း အတွက် ခွဲဝေ ပေးထားသည့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၅.၅၄ ဘီလီယံကိုလည်း တစ်စုံတစ်ရာ ပြင်ဆင်ခြင်း မပြုဘဲ ရေးဆွဲထားပါကြောင်း တင်ပြသည်။
ဘဏ္ဍာရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက နိုင်ငံတော်၏ လိုငွေနှင့် GDP အချိုး ၅ ရာခိုင်နှုန်း မကျော်စေရန်နှင့် ပြည်ထောင်စုမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ သွင်းကုန် တင်သွင်းမှုအပေါ် ကောက်ခံရရှိသည့် ငွေမှအပ ကုန်သွယ် လုပ်ငန်းခွန်များ၏ ၁၅ ရာခိုင်နှုန်းကို ခွဲဝေပေးရန်တို့ကို ထည့်သွင်း စဉ်းစားပြီး လိုငွေ ဖြည့်ဆည်းခြင်းကို လျာထားခဲ့ကြောင်း ပြောခဲ့သည်။
ကြွေးမြီ စာရင်းများကိုလည်း ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေတွင် ပါဝင်သည့်အတိုင်း ပြောင်းလဲခြင်း မပြုဘဲ ရေးဆွဲထားပြီး ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေမှ ဖြည့်ဆည်းပေးသော တိုင်းဒေသကြီး/ပြည်နယ်များ၏ လိုငွေကိုလည်း မူလ အတိုင်းပဲ ဖြည့်ဆည်းထားကြောင်း၊ ပြည်တွင်း အခွန်များ ဦးစီးဌာန၏ အခွန်ရ ငွေစာရင်းရှိ တယ်လီဖုန်း ပြောဆိုခပေါ်တွင် ကောက်ခံသည့် ကုန်သွယ် လုပ်ငန်းခွန် ရငွေမှ ကျပ် ၇.၅ ဘီလီယံကို ပညာရေး ဝန်ကြီးဌာန၏ အသုံးစရိတ်တွင် တိုးမြှင့်ပြီး လျာထားပေးထားကြောင်း ၎င်းက ဆိုသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွက် ပြည်ထောင်စုမှ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထောက်ပံ့ပေးရမည့် ငွေပမာဏ ကျပ် ၁၆၈၈.၂၁၉ ဘီလီယံ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဘဏ္ဍာရေး ကော်မရှင် (၁/၂၀၁၆) အစည်းအဝေးတွင် တင်ပြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.