Connect with us

Local

တည်ငြိမ် အားကောင်းသော စီးပွားရေး မူဝါဒ ချမှတ် အကောင်အထည် ဖော်နိုင်ရန် နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်း

နိုင်ငံတော် အထိမ်းအမှတ် အမှတ်တံဆိပ်အား တွေ့ရစဉ် (ဓာတ်ပုံ-Myanmar President Office)

ရန်ကုန် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်အနေဖြင့် တည်ငြိမ်အားကောင်းသော စီးပွားရေး မူဝါဒ တစ်ရပ်ကို ချမှတ် အကောင်အထည်ဖော်နိုင်ရန် ကဏ္ဍအသီးသီး၏ မူဝါဒများအား အချိုးညီ ချိတ်ဆက်ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ရေး အတွက် နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (National Economic Co-ordination Committee) ကို ဖွဲ့စည်း ထားရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။

နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (National Economic Co-ordination Committee) ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ဥက္ကဋ္ဌ အဖြစ် ပါဝင်၍ ဒုတိယ ဥက္ကဋ္ဌ အဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းမြင့် အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း သိရသည်။
နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်း တာဝန်များသည် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဆောင်ရွက်လျက်ရှိသည့်/ ဆောင်ရွက်ရန် ရှိသည့် မူဝါဒများ၊ မူဝါဒ အလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ (Think-Tank) မှ တစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ရယူရန် ၊ မူဝါဒများ၊ မူဝါဒအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ အစီရင်ခံစာများ အပေါ် မူတည်၍ ကုန်သွယ်ရေးမူဝါဒ၊ ငွေရေးကြေးရေး မူဝါဒ၊ ဘဏ္ဍာရေး မူဝါဒ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို သုံးသပ်ရန် ၊ နိုင်ငံတော်၏ ကဏ္ဍအလိုက် ဦးစားပေး ဆောင်ရွက်သင့်သည့် မူဝါဒများ သတ်မှတ်ရန် ၊ အကောင်အထည်ဖေါ်မည့် ဦးစားပေး မူဝါဒများ၏ မဟာဗျူဟာ၊ နည်းဗျူဟာများ သတ်မှတ်ရန် ၊ ပြည်ထောင်စု အစိုးရအဖွဲ့မှ အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ရန် ၊ ကော်မတီ အစည်းအဝေးကို လစဉ်ကျင်းပရန် ၊ ကော်မတီ၏ အစီရင်ခံစာကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ မူဝါဒများ အလိုက် တင်ပြရန်တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.