Connect with us

Local

တစ်ပတ်အတွင်း မြန်မာ့ရွှေဈေးတစ်ကျပ်သား ၄၅,၀၀၀ အထိမြင့်တက် 

ရွှေဆိုင်တစ်ခု တွင် ရွှေထည်ဝယ်ရန်ဝတ်ဆင်ကြည့်နေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) 

ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေး က တစ်ပတ်အတွင်း တစ်ကျပ်သားကို ကျပ် ၁,၂၉၀,၀၀၀ မှ ၁,၃၃၅,၀၀၀ အထိရောက်ရှိလာသဖြင့် တစ်ကျပ်သားလျှင်ကျပ် ၄၅,၀၀၀ဈေးတက်ခဲ့ကာ ရွှေဆိုင်များသို့ အမြင့်ဈေးဖြင့် ရွှေပြန်ရောင်းသူများ များပြားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်းက “ ရွှေဈေးက ဆက်တိုက်မြင့်နေတော့ ရွှေဈေး ၁,၂၈၀,၀၀၀ တန်းလောက်ဝယ်ထားသူတွေ ကထုတ်ရောင်းကြတာပေ့ါ’’ ဟု ဆင်ဟွာကို သြဂုတ် ၇ ရက် တွင်ပြောသည်။

သြဂုတ် ၁ ရက်တွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စ ကို အမေရိကန်ဒေါ်လာ ၁,၉၇၅ ရှိခဲ့ပြီး သြဂုတ် ၇ ရက်တွင် တစ်အောင်စ အမေရိကန်ဒေါ်လာ၂,၀၆၀ အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ တွင် အမေရိကန်ဒေါ်လာ ဈေးကျဆင်းနေသောကြောင့် ရွှေဈေးဆက်တိုက်တက်ရခြင်းဖြစ်ကြောင်း သိရသည်။

၂၉လမ်းအောက်ဘလောက်ရှိ ကောင်းစံရွှေဆိုင်ပိုင်ရှင် ဦးမျိုးကျော်ကျော် က “ရွှေဆိုင်တွေကတော့ အရောင်းအဝယ်အေးသွားတယ်။ ဈေးက အရမ်းမြင့်သွားတော့။ အခေါက်ရွှေဝယ်ထားသူတွေ ကတော့ ပြန်ရောင်းကြတယ်။ ဈေးက သမိုင်းတလျှောက်မဖြစ်ဖူးတဲ့ဈေးပါ။ ကမ္ဘာ့ရွှေဈေးကလည်းဆက်တိုက်တက်နေတော့ အတက်အကျ ခန့်မှန်းရခက်တဲ့ အနေအထားပါ’’ ဟု ဆင်ဟွာကို သြဂုတ် ၇ ရက်တွင်ပြောသည်။

သြဂုတ် ၇ ရက်တွင် မြန်မာ့ရွှေဈေး တစ်ကျပ်သား ၁,၃၃၅,၀၀၀ ပေါက်ဈေးရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ ၂,၀၆၀ပေါက်ဈေးရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.