Connect with us

Local

ရွှေဈေး တစ်ကျပ်သား ကျပ် ၈၁၁,၀၀၀ အထိ စံချိန်သစ်တင် မြင့်တက်

ရွှေဆိုင်တစ်ဆိုင်တွင် ရွှေထည်ပစ္စည်းများ ခင်းကျင်း ပြသထားစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

မြန်မာ့ရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ၇၈၈,၀၀၀ ဝန်းကျင်မှ ကျပ် ၈၁၁,၀၀၀ အထိ စံချိန်သစ်တင် မြင့်တက်ခဲ့ကြောင်း လသာရှိ တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆင်ဟွာကို ပြောသည်။

ဦးဇော်အောင်က “အရင်ကရွှေတစ်ကျပ်သားကို ၈ သိန်းကျော်ဖူးတယ် ဆိုပေမယ့် အခုဈေး ၈၁၁,၀၀၀ ကို မရောက်ဖူးသေးဘူး။ ဒီဈေးက စံချိန်သစ် မြင့်တက်တဲ့ဈေးပါ’’ ဟု ပြောသည်။
ရွှေဈေးသည် ကမ္ဘာ့ ရွှေဈေး မြင့်တက်မှုကြောင့် ရက်ပိုင်းအတွင်း ဆက်တိုက် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရွှေဈေးရက်ပိုင်း အတွင်း မြင့်တက်ခဲ့သော်လည်း ဒေါ်လာဈေး ငြိမ်လျက် ရှိကြောင်း သိရသည်။
၂၉ လမ်း အောက်ဘလောက်ရှိ ကောင်းစံ ရွှေဆိုင်ရှင် ဦးမျိုးကျော်ကျော်က “ ကမ္ဘာ့ရွှေဈေး တက်လို့ မြန်မာ့ရွှေဈေးလည်း တက်ရတာပါ။ ကမ္ဘာ့ရွှေဈေးက တက်ရတဲ့ အချက် ၂ ချက် ရှိပါတယ်။ အမေရိကန် ဘဏ်တိုးနှုန်း လျှော့မယ်ဆိုတဲ့ အချက်ရယ်၊ ဥရောသမဂ္ဂ အဖွဲ့က ဗြိတိန် ထွက်သင့်မထွက်သင့် ဆိုတဲ့ အချက်တွေကြောင့် ရွှေဈေး တက်တာပါ’’ ဟု ပြောသည်။
ဇွန်လ ၁၁ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁,၂၆၆ ဒေါ်လာ ရှိရာမှ ဇွန်လ ၁၆ ရက် ညနေဘက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁,၃၁၀ ဒေါ်လာ အထိ မြင့်တက်လာခဲ့သည်။ ရွှေဈေး မြင့်တက်နေသည့် အတွက် ရွှေဆိုင်များတွင် ရွှေပြန်ရောင်းသူများ များနေပြီး အဝယ်ကမူ အေးလျက်ရှိကြောင်း သိရသည်။
ဦးမျိုးကျော်ကျော်က “ရွှေဈေးက ဆက်တက်မယ် ၊ ကျမယ်ဆိုတာက ခန့်မှန်းရတော့ ခက်တယ်။ တကယ်လို့ ကျခဲ့ရင်လည်း ကမ္ဘာ့ ရွှေဈေးက တစ်အောင်စကို ၁,၃၀၀ ဒေါ်လာလောက်တော့ ရှိလောက်တယ်။ အရမ်းကြီးတော့ မကျနိုင်လောက်တော့ ဘူးထင်တယ်’’ ဟုပြောသည်။
ဇွန်လ ၁၆ ရက် ညနေဘက်တွင် ကမ္ဘာ့ ရွှေဈေးက တစ်အောင်စကို ၁,၃၁၀ ဒေါ်လာ၊ မြန်မာ့ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၈၁၁,၀၀၀၊ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁,၁၉၀ ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.