Connect with us

Local

ဒေသန္တရ ရေနံချက် လုပ်ငန်းများအား နိုဝင်ဘာ ၁၆ ရက်မှ စပြီး ယာယီ လိုင်စင် ထုတ်ပေးမည်

နေပြည်တော် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၀ ရက် တွင် ပြုလုပ်သည့် သတင်းစာ ရှင်းပွဲ၌ ဦးဌေးအောင်ကရှင်းလင်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့တွင်ရှိ ရေနံ လက်ယက်တွင်းများမှ ထွက်ရှိသည့် ရေနံစိမ်းများဖြင့် ရေနံချက်နေကြသည့် လုပ်ငန်းရှင်များအား ဒေသန္တရ ရေနံ ချက်လုပ်ငန်း ယာယီလိုင်စင်များကို အခမဲ့ ခွင့်ပြု ထုတ်ပေးမည်ဖြစ်ပြီး ထိုအစီအစဉ်ကို နိုဝင်ဘာ ၁၆ ရက်တွင် စတင် ဆောင်ရွက်မည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင်က နိုဝင်ဘာလ ၁၀ ရက်တွင်ပြောခဲ့သည်။“ဒေသန္တရ ရေနံချက်လုပ်ခြင်း လုပ်ငန်းတွေကို ဘေး အန္တရာယ် ကင်းရှင်းစွာ ဆက်လက် ဆောင်ရွက်နိုင်ဖို့ ယာယီလိုင်စင်တွေကို အခမဲ့ ထုတ်ပေးမုှာပါ။

သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အစိုးရ အဖွဲ့များရဲ့ စာရင်းကောက်ယူမှုအရ လုပ်ငန်းရှင် ၂၃၇ ဦးခန့်လုပ်ကိုင်နေတယ်လို့သိရပါတယ်၊ လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့က စပြီး လုပ်ငန်း ရုံးချုပ်နဲ့စက်ရုံများမှ အရာထမ်း၊ အမှုထမ်းများနဲ့အဖွဲ့တွေ ဖွဲ့ပြီး တိုင်းဒေသကြီး ပြည်နယ် အစိုးရ အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်” ဟု နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနတွင် ပြုလုပ်သည့် သတင်းစာ ရှင်းပွဲ၌ ဦးဌေးအောင်က ပြောခဲ့သည်။

ပထမဆုံး အကြိမ်တွင် အခမဲ့ ထုတ်ပေးမည့် အဆိုပါ ယာယီ လိုင်စင်သည် ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး ထိုလုပ်ငန်းများ သက်တမ်းတိုး လျှောက်ထားချိန်တွင် လိုင်စင်ထပ်မံ ထုတ်ပေး သည့်အခါ လိုင်စင်ကြေး ကောက်ခံမည်ဟုလည်း ၎င်းက ပြောသည်။ သို့ရာတွင် လိုင်စင်ကြေး မည်မျှ ကောက်ခံ မည်ကိုမူ လောလောဆယ်၌ မတွက်ချက်ရသေးသဖြင့် ပြော၍ မရသေးဟု ဆို၏။

နိုင်ငံတော်က စီးပွားဖြစ် မတူးနိုင်သည့် အနက် ပေတစ်ထောင် အောက် ပေတိမ် လက်ယက်တွင်များကို ဒေသခံ လုပ်ငန်းရှင်များ လုပ်ကိုင်ရန် ပေးထားရာ ၎င်း လက်ယက်တွင်းများမှ ထွက်သည့် ရေနံစိမ်းကို ပြန်ချက်သော ရေနံချက် လုပ်ငန်းရှင် ၂၃၇ ဦးရှိ ကြောင်းသိရသည်။

ထိုရေနံချက်ဖိုများက ထွက်ရှိသည့် ရေနံများသည် နိုင်ငံတော်က ချက်သည့် ရေနံ အရည်အသွေးကို မမီသော ကြောင့် ဒေသန္တရ သုံး မော်တော်၊ ပဲ့ထောင်၏၊ ရေစုပ်စက် စသည့် ဒေသတွင်း အကြမ်းသုံး ရေနံ အဖြစ်သာ ရောင်းချခွင့် ရှိကြောင်းလည်းသိရသည်။

ထိုရေနံချက် လုပ်ငန်းများအတွက် ရေနံစိမ်း ကုန်ကြမ်း တူးဖော်ပေးနေသည့် တွင်းတိမ် (ပေတိမ်) လက်ယက် တွင်းများ ရှိသည့် ရေနံလုပ်ကွက်ပေါင်း ၅၃ ခု ရှိရာ မကွေးတိုင်းဒေသကြီးတွင် ၅၂ ခုနှင့် မန္တလေးတိုင်း ဒေသကြီး တွင် တစ်ခု ရှိကြပြီး ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်တွင် ထိုလုပ်ကွက်များမှ ရေနံစိမ်း ရရှိခဲ့သည့် ပမာဏမှာ ဂါလန် ငါးသိန်းခန့် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.