Connect with us

Local

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏ ဥပဒေနှင့် စည်းကမ်းများကို လိုက်နာရန် ကြပ်မတ်မည်

နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များအတွက် ပုံမှန်ညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးအတွက် AD လိုင်စင်ရ ဘဏ်များအပါအဝင် နိုင်ငံခြား ငွေလက်ဝယ် ကိုင်ဆောင်ခွင့်ရှိသူများ အနေဖြင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၏နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ ညွှန်ကြားချက် များနှင့်အညီ လိုက်နာရေး ကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ထံမှ သိရသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ ပူးပေါင်းကျင်းပသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ်များအတွက် ပုံမှန်ညှိနှိုင်းအစည်းအဝေးပွဲ၌ ထည့်သွင်းဆွေးနွေးခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဘဏ်များအနေဖြင့် နေ့စဉ်နိုင်ငံခြားငွေ ဝယ်ယူခြင်း၊ ရောင်းချခြင်းများနှင့် ဝယ်၊ ရောင်းသည့်ဈေးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ နေ့စဉ်စာရင်းပေးပို့ရာတွင် မှန်ကန်စွာပြုစုပေးပို့ရေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် Monitor လုပ်ခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများပြုလုပ်ရေး၊ လိုက်နာဆောင်ရွက်မှုအားနည်းသော ဘဏ်များကို သတိပေးခြင်း၊ ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်သွားရေး၊ ပြည်တွင်းဘဏ်များအချင်းချင်း ဘဏ်လုပ်ထုံး လုပ်နည်းနှင့်အညီ မှန်ကန်သောနည်းလမ်းဖြင့်ယှဉ်ပြိုင်စေခြင်းဖြင့် ဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရန်နှင့် နိုင်ငံခြားဘဏ်များကိုလည်း ပြည်တွင်းဘဏ်လုပ်ငန်းကဏ္ဍတွင် တစ်ဆင့်ပြီးတစ်ဆင့် ပါဝင်ခွင့်ပြုရေး ဆက်လက်သုံးသပ်ဆောင်ရွက်ရေးများ ဆွေးနွေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြည်တွင်းပြည်ပ Mobile Payment ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဘဏ်ကွန်ရက်ကျယ်ပြန့်သော မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် Mobile Payment ဖြင့် ငွေထုတ်၊ ငွေသွင်းခြင်းကိစ္စများကို လက်ခံ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာများနှင့် မြန်မာ့စီးပွားရေးဘဏ်တို့ ညှိနှိုင်းဆောင်ရွက်ရေး၊ Krung Thai Bank နှင့် မြန်မာ့စီးပွားရေးဘဏ်တို့ Money Transfer Agreement ဆောင်ရွက်နိုင်ခြင်းသည် ကောင်းမွန်ပြီး ၎င်းကို စနစ်တကျဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြသည်။ (Xinhua)