Connect with us

Local

နေပြည်တော်တွင် ပထမဦးဆုံး အဆင့်မြင့် နွားပွဲဈေးအသစ် တည်ဆောက်မည်ဟုဆို

လယ်ဝေးမြို့နယ်အတွင်း နွားအုပ်တစ်အုပ်အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိမြို့၌ ကျွဲ၊ နွား၊ ဆိတ်၊ သိုး၊ ဝက် တိရစ္ဆာန်များကို ရောင်းဝယ်နိုင်မည့် ပထမဦးဆုံး ဈေးသစ်တစ်ခု တည်ဆောက်ရန် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက စီစဉ်လျက်ရှိကြောင်းနှင့် တင်ဒါခေါ်ယူခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နေပြည်တော် ကောင်စီဝင် ဒေါ်စံပယ်ထွေးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

“တင်ဒါလုပ်ငန်းတွေပြီးတာနဲ့ ဒီအဆင့်မြင့် နွားပွဲဈေးတည်ဆောက်ရေးကို ဆက်လုပ်သွားပါမယ်၊ လက်ရှိ နွားပွဲဈေးတွေက မြေဧရိယာလည်းကျဉ်း၊ လမ်းပေါ်မှာလည်း နွားတွေက ပြန့်ကျဲပြီး စနစ်မကျတော့ COVID-19 ကာကွယ် ကုသ ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေအရ ကျန်းမာရေးနဲ့ ညီညွတ်အောင် မဆောင်ရွက်နိုင်ဘူး၊ ဒါကြောင့် ကျန်းမာရေးနဲ့ ကိုက်ညီမယ့် ပိုပြီး စနစ်ကျတဲ့ နွားပွဲဈေးအသစ် တည်ဆောက်ဖို့ စီစဉ်ရတာပါ” ဟု သူမက ရှင်းလင်း ဖြေကြားခဲ့သည်။

နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိမြို့၊ ရန်ကုန် – မန္တလေး လမ်းဟောင်းဘေးရှိ မြေဧရိယာ ၅ ဒသမ ၄ ဧက ပေါ်တွင် ဈေးဆိုင်ခန်းများ၊ လူအများ နားနေဆောင်၊ တိရစ္ဆာန် အသီးသီး နားနေဆောင်နှင့် ချည်တိုင်ကွင်းများ၊ အများသုံး သန့်စင်ခန်းများ၊ အုပ်ချုပ်မှု ရုံးများ၊ တိရစ္ဆာန် အညစ်အကြေးစွန့်ကန်များ၊ ရေမီးစနစ်များ စသည်ဖြင့် ပြည်စုံအောင် ထည့်သွင်းတည်ဆောက်သွားမည့် အဆိုပါ ဈေးသစ်တည်ဆောက်ရေးအတွက် တင်ဒါများ ခေါ်ယူထားပြီး ဖြစ်ရာ ဈေးနှုန်းများ တွက်ချက်တင်သွင်းရမည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ တင်ဒါအောင်စာရင်း ကြေညာပြီးသည်နှင့် စာချုပ်ချုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင် ဆောက်လုပ်မည် ဖြစ်ပြီး စီမံကိန်းကာလမှာ တစ်နှစ်ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ နွားပွဲဈေးကွက်အချို့တွင် ခိုင်းနွားတစ်ကောင်လျှင် ကျပ် ၁၀ သိန်းခွဲခန့်မှ ၁၅ သိန်း အထိ၊ ကျွဲပေါက်(ကျွဲငယ်) တစ်ကောင်လျှင် ကျပ်ခုနစ်သိန်းမှ ၁၀ သိန်းခန့်အထိ၊ ဆိတ်တစ်ကောင်လျှင် ကျပ် တစ်သိန်းခွဲခန့်အထိ ပေါက်ဈေးရှိကြောင်း နွားပွဲဈေးကွက် ပွဲစား တောင်သူကြီးများထံမှ သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117