Connect with us

Local

ခရီးသွားလုပ်ငန်းပြန်လည်စတင်ရန်ရှေးပြေးအဖြစ် ရှုခင်းကြည့် သင်္ဘောခရီးစဉ်နှင့် လေယာဉ်ခရီးစဉ်များ စနေ၊တနင်္ဂနွေပိတ်ရက်များတွင် ဆက်လက်ဆောင်ရွက်မည်

အင်းလေးကန်တွင်လှေဖြင့် လည်ပတ်နေကြသော ခရီးသွားဧည့်သည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ခရီးသွားလုပ်ငန်းပြန်လည်စတင်ရန် ရှေ့ပြေးခရီးစဉ်များဖြစ်သော လေယာဉ်ဖြင့် ရှုခင်းကြည့် ခရီးစဉ်နှင့် မြစ်တွင်းသင်္ဘော ဖြင့် ရှုခင်းကြည့်ခရီးစဉ်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ စနေ၊တနင်္ဂနွေ ပိတ်ရက်များတွင် ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ခရီးသွားမြှင့်တင်ရေးဌာနခွဲ မှ ညွှန်ကြားရေးမှူး ဦးဇေယျာမျိုးအောင်က ဆင်ဟွာသို့ ယနေ့ ဒီဇင်ဘာ ၂၄ ရက်တွင် ပြောသည်။

“ဒီခရီးစဉ်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ဆောင်ရွက်ခဲ့တာပါ။ လေယာဉ်ခရီးစဉ်ကတော့ COVID-19 ရှိမရှိ ကို ကြည့်ပြီး မရှိတဲ့လူတွေမှ စီးခွင့်ရတယ်။ နောက်ပိုင်းခရီးသွားလုပ်ငန်းတွေ ပြန်စခဲ့ရင် တိုင်းဒေသကြီး တစ် ခုနဲ့ တစ်ခု ပြည်နယ် တစ်ခုနဲ့ တစ်ခု သွားတဲ့အခါ Quarantine ဝင်ရတာ တွေရှိတယ်။ အဲဒီတော့ ပြန်စဉ်းစားကြည့်တော့ ကိုယ့်တိုင်းဒေသကြီးအတွင်း ခရီးစဉ်တွေ စနိုင်မလားလို့စဉ်းစားကြတဲ့အခါ ပို့ဆောင်ရေး ဝန်ကြီးဌာန နဲ့ ပူးပေါင်းပြီးတော့ River Cruise ခရီးစဉ်ကို စဖြစ်တာ။ ခရီးသွားလုပ်ငန်းရှင်များအသင်းက ပဲ ဦးစီးဦးဆောင်လုပ်ပြီး ဆောင်ရွက်တယ်။ ကျွန်တော်တို့ဝန်ကြီးဌာန အနေနဲ့ ကတော့ သက်ဆိုင်ရာဝန်ကြီးဌာန တွေနဲ့ ညှိနှိုင်းပေးတာတွေဆောင်ရွက်ပေးတယ်။ သင်္ဘောခရီးစဉ်ကတော့ COVID-19 စစ်ဖို့မလိုဘူး။ နှာခေါင်းစည်းတပ်ရမယ်။ မျက်နှာကာတပ်ရမယ်။ လက်ဆေးရမယ်။ ခပ်ခွါခွါနေရမယ်ဆိုတဲ့ စည်းကမ်းချက်တွေအတိုင်းလုပ်ကြတာ။ သင်္ဘောခရီးစဉ်က မနက်ဖြန်စပြေးမယ်။ ခရီးသည်တွေစိတ်ဝင်စားကြတော့ ခရီးစဉ် နှစ်ခုစလုံး အောင်မြင်တယ်လို့ပြောလို့ရပါတယ်’’ ဟု၎င်းကဆိုသည်။

ယခုကဲ့သို့ရှေ့ပြေးခရီးစဉ်များအား စီစဉ်ရခြင်းမှာ မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်းတွင်ကျန်းမာရေး စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ပြည်သူများ အနေဖြင့်လည်း Stay at Home ၊ Lock down များဖြင့် နေရချိန်တွင် မွန်းကျပ်မှုပြေလျှော့ရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းခရီးစဉ်များအား အပတ်စဉ် ရုံးပိတ်ရက်များတွင် ဆောင်ရွက်ရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းမှ တင်ပြထားပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် ယင်းခရီးစဉ်များနှင့် ပတ်သက်၍ ခွင့်ပြုခဲ့ကြောင်း၎င်းကဆိုသည်။ (Xinhua)

 

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117