Connect with us

Local

ပြည်ပသို့ စက်မှုကုန်ချော တင်ပို့မှု ကန်ဒေါ်လာ ၇ ဒသမ ၉၃ ဘီလီယံကျော် ရရှိ

ရန်ကုန်မြို့ရှိ မြန်မာ့စက်မှုဆိပ်ကမ်း(MIP)အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဩဂုတ် ၁၂ ရက်(ဆင်ဟွာ) 

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇူလိုင် ၃၁ ရက်အထိ ၁၀ လအတွင်း စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၇ ဒသမ ၉၃ ဘီလီယံကျော် ရရှိခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော စာရင်းများအရ သိရသည်။ 

ပြည်ပပို့ကုန်များအနက် စက်မှုကုန်ချောကဏ္ဍသည် ပို့ကုန်ပမာဏ အများဆုံး ဖြစ်ပြီး ယင်းနောက်တွင် လယ်ယာထွက်ကုန် နှင့် သတ္တုတွင်းထွက်တို့ အသီးသီး ရှိကြောင်း သိရသည်။ 

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စက်မှုကုန်ချောတင်ပို့မှုသည် ယခင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၆၃ ဘီလီယံကျော် လျော့နည်းသွားခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူကာလတွင် ၈ ဒသမ ၁၉ ဘီလီယံကျော် ရရှိခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက “ပြည်ပက အခု COVID-19 ကြောင့် Supply Chain ကို အဟန့်အတား ဖြစ်သွားတာတွေလည်း ရှိသလို သူတို့ မလိုတော့တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူတို့ အကြောင်းပြချက်ကတော့ သူတို့ရဲ့ ပုံမှန် လည်ပတ်မှု နည်းနည်း တုံ့ဆိုင်းသွားတယ်လို့ ထင်ပါတယ်။ တုံ့ဆိုင်းသွားတော့ မြန်မာနိုင်ငံကဟာတွေလည်း သူတို့ မဆွဲတော့ဘူးပေါ့။ အော်ဒါတွေလည်း ထပ်မရတာတွေ ရှိပါတယ်။ ဒါပေမယ့် ပြန်တော့ ဦးမော့ဖို့ ရှိပါတယ်။

 အခုပုံစံအတိုင်း သွားမယ်ဆိုရင်တော့ ပြန်ကောင်းလာမှာပါ။” ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ အဓိက ပြည်ပပို့ကုန်များမှာ လယ်ယာထွက်ပစ္စည်း ၊ တိရစ္ဆာန်ထွက် ၊ ရေထွက် ၊ သတ္တုတွင်းထွက် ၊ သစ်တောထွက် ၊ စက်မှုကုန်ချော နှင့် အခြား တို့ ဖြစ်ကြသည်။ 

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံ၏ ပြည်ပတင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၆ ဘီလီယံကျော် ရှိပြီး သွင်းကုန်မှာ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၃ ဘီလီယံကျော် ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ 

နိုင်ငံ၏ ကုန်သွယ်မှု ပမာဏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြုလုပ်ပြီး  နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများ နှင့် နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117