Connect with us

Local

မြန်မာ နိုင်ငံ ကုမ္ပဏီများဥပဒေအရ  အွန်လိုင်းစီးပွားရေး လုပ်ငန်းများ ၂၀၂၀ ပြည့်နှစ်အတွင်း   မှတ်ပုံတင်နိုင်ရေးဆောင်ရွက်လျက်ရှိ 

အွန်လိုင်းမှ မှာယူမှုကိုDelivery ပို့နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းဈေးကွက် တွင် အွန်လိုင်းမှ ဝန်ဆောင်မှုပေးခြင်းများ၊ ရောင်းဝယ်ခြင်းများ များပြားလာသည့် အတွက် တရားဝင် ကုမ္ပဏီ လိုင်စင်နှင့် SME လုပ်ငန်းလိုင်စင်ရှိသူများ၊ ကိုယ်ပိုင် ဝက်ဆိုက်ရှိသူများကို မြန်မာ နိုင်ငံ ကုမ္ပဏီများဥပဒေအရ   စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန်  မှတ်ပုံတင်နိုင်ရေးလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ် အတွင်းဆောင်ရွက်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း  စီးပွားရေးနှင့်ကကုန်သွယ်ရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်  ဦးမင်းမင်း က ဆင်ဟွာသို့ သြဂုတ် ၁၄ ရက်တွင်ပြောသည်။ 

ဦးမင်းမင်းက “အခုက အွန်လိုင်းမှာ ကုန်စည်တင်မဟုတ်ဘူး။ ဝန်ဆောင်မှုပါ လုပ်ကြတာတွေရှိတယ်။  တချို့ကတော့ အွန်လိုင်းသီးသန့် ၊ တချို့ က တော့ အွန်လိုင်းရော၊ အပြင်မှာရော လုပ်တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်တဲ့ လုပ်ငန်းတွေ ဖြစ်လို့ ကျွန်တော်တို့က အားပေးတယ်။ အားပေးတဲ့ နောက်ကွယ်မှာ စည်းကမ်းလိုက်နာမှုအပိုင်းနဲ့ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ လိုက်နာနိုင်ဖို့ Guideline တစ်ခု ကျွန်တော်တို့ ရေးနေတာရှိတယ်။  မှတ်ပုံတင်တာနဲ့ Guideline  က နောက်ပိုင်းမှာတော့ အွန်လိုင်း နဲ့ စီးပွားရေးလုပ်ရင် မဖြစ်မနေ လိုက်နာရမယ့် လုပ်ငန်းတစ်ခုဖြစ်သွားမယ်။ သို့သော် ဒါမျိုးလုပ်တာ ထိန်းချုပ်တာ မဟုတ်ဘူး ပိုပြီးစည်းစနစ်ကျအောင် ဆောင်ရွက်တဲ့ သဘောပဲဖြစ်ပါတယ်။’’ ဟုပြောကြားသည်။ 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်  အွန်လိုင်းမှ  ဈေး ရောင်းချသူများအပေါ် ယုံကြည်စိတ်ချမှုရှိစေရန်နှင့် အတုအပ၊ လိမ်လည်ရောင်းချခြင်းများ မရှိစေရန်  ယင်းကဲ့သို့ ဆောင်ရွက်ရန်ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း၊  ပြည်တွင်း၌  အွန်လိုင်းမှတစ်ဆင့်  အရောင်းအဝယ် ပြုလုပ်သည့် လုပ်ငန်းများ လာကြောင်း၊ အထူးသဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလတွင် အိမ်အတွင်း နေထိုင်ရသည့်အတွက် ယင်း လုပ်ငန်းများ  ပိုမိုတွင်ကျယ်လာပြီး အိမ်အရောက် ဝန်ဆောင်မှုများဖြင့်   လုပ်ကိုင် လာကြကြောင်း သိရသည်။

“ကျွန်တော်တို့ ဝန်ကြီးဌာန ရဲ့ အောက်မှာ စားသုံးသူရေးရာ ဌာနရှိတယ်။ Facebook က ရောင်းတာ ပြသနာ တက်လို့ တိုင်ပြီး စားသုံးသူဌာန က လိုက်တဲ့ အခါ အဲ့ဒီ့Facebook က  မရှိတော့ဘူးဖြစ်သွားတယ်။ အဲ့ဒီတော့ ဝယ်ယူသူ နဲ့ ရောင်းတဲ့ သူကြား မှာ ယုံကြည်မှုလည်းပျောက်တာပေါ့။  မှတ်ပုံတင်လုပ်ပေးတာ က ယုံကြည်မှုကို တည်ဆောက်ပေးတဲ့ သဘောပါပဲ။ Phase -2 မှာမှ အခုထက်ကျယ်ပြန့်အောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။ 

ကိုယ်ပိုင်ဝက်ဆိုက်ရှိသူများ၊ ကုမ္ပဏီ၊ SME မှတ်ပုံတင်ရှိသူများ မှတ်ပုံတင်တစ်ခုခုရှိပြီး Online shop လုပ်နေသူများ၊ ပြည်တွင်းမှာ အခြေပြုပြီးရောင်းဝယ်ဖောက်ကားနေသော ကုမ္ပဏီများအား ရှေ့ပြေးစီမံချက်အဖြစ် Phase-1 ဆောင်ရွက်ကာ အဆိုပါ ရလဒ်ပေါ်မူတည်၍ Phase-2 ကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အွန်လိုင်း ဂိမ်းများ၊ လောင်းကစားနှင့် သက်ဆိုင်သည့် ကိစ္စများ၊ တရားမဝင် အရောင်းအဝယ်များနှင့် ဥပဒေအရ ကန့်သတ်ထားသည့် ကုန်ပစ္စည်းများကို လုံးဝဆောင်ရွက်ခွင့်ပြုမည် မဟုတ်ကြောင်း၊  Online  Shop  များ အတွက် မှတ်ပုံတင်သက်တမ်းသည် ငါးနှစ် ဖြစ်ပြီး သက်တမ်း မကုန်ဆုံးမီ သုံးလအလို တွင်   သက်တမ်းတိုး လျှောက်ထားရမည် ဖြစ်ကြောင်း၊   လျှောက်ထားရာတွင်လည်း မှတ်ပုံတင်ကြေး အခမဲ့ဖြင့်    အွန်လိုင်းမှ တစ်ဆင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။  (Xinhua)