Connect with us

Local

ဖုန်းငွေဖြည့်လျှင် ပေးရမည့် ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဆိုင်းငံ့ထားရန် ကိစ္စ ပြည်ထောင်စု လွှတ်တော် အတည်ပြုချက်အား ဝန်ကြီးဌာနမှ လက်ခံ

မိုဘိုင်းဖုန်း အသုံးပြုနေသူ တစ်ဦး (ဆင်ဟွာ)

ရန်ကုန်၊မေ ၂၇ ရက် (ဆင်ဟွာ)

ဖုန်းငွေဖြည့်လျှင် ပေးရမည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဆိုင်းငံ့ထားရန် ကိစ္စအား ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုလိုက်ပြီး ၊ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အား သက်ဆိုင်ရာ ဝန်ကြီးဌာနမှ လက်ခံလိုက်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က “ မိမိတို့ ဝန်ကြီးဌာန အနေနဲ့ အခွန်ကောက်ခံရရှိမှု တစ်ခုတည်းအတွက် ဦးတည်ဆောင်ရွက်ခြင်း မဟုတ်ကြောင်းနှင့် အခြေခံ အကြောင်းအရင်းခံ ဆက်စပ်ပက်သက်တဲ့ အကြောင်း အချက်အလက်များကို တင်ပြပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူ မည်ဖြစ်ကြောင်း” ဟုလွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံကို မျက်ကွယ်ပြု၍ သော်လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒ သဘောထားကို သော်လည်းကောင်း ဆန့်ကျင်၍ ဆွေးနွေးခြင်းမဟုတ်ကြောင်း၊ အစိုးရဌာန အနေဖြင့် လွှတ်တော်၏ ဆုံးဖြတ်ချက်အတိုင်း လက်ခံသွားမည် ဖြစ်ကြောင်း တင်ပြဆွေးနွေးခဲ့ပြီး ဖုန်းငွေဖြည့်ကဒ် ဝယ်ယူသည့် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်ကျော်မှ ကောက်ခံရန် သဘောတူကြောင်း ဦးသောင်းတင်က ဆိုသည်။

ဇွန်လ ၁ ရက်နေ့မှ စတင်၍ မိုဘိုင်းဖုန်း အသုံးပြုသူ အားလုံးသည် ဖုန်းငွေဖြည့်ကဒ် ဝယ်ယူ၍ ငွေဖြည့်သည့်အခါ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းအား ပေးဆောင်ရမည်ဟု ဆက်သွယ်ရေး နှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ မေလ ၁၈ ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက် နှင့်ပက်သက်၍ အမရပူရ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးမှ နိုင်ငံတော်အတွင်း မိုဘိုင်းဖုန်း သုံးစွဲသူများ၏ ဖုန်းခေါ်ဆိုခ၏ ကြိုတင်ထည့်သွင်း ငွေများထဲမှ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ဖြတ်တောက် ကောက်ခံမည့် ကိစ္စနှင့် ပက်သက်၍ အရေးကြီး အဆို တင်သွင်းခဲ့ပြီး အဆိုပါ အရေးကြီးအဆိုအား ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် ၆ ဦးမှ ဆွေးနွေးခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန် ဖြတ်တောက် ကောက်ခံမည့် ကိစ္စအား ရွှေ့ဆိုင်းရန် ပြည်ထောင်စု လွှတ်တော်မှ ယနေ့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး မှ ထုတ်လုပ်သော MPT ဆင်းမ်ကဒ် (Sim Card) နှင့် ပုဂ္ဂလိက ကုမ္ပဏီပိုင် တယ်လီနော (Telenor) နှင့် အူရီဒူး (Ooredoo) ဆင်းမ်ကဒ်များကို ငွေကျပ် ၁,၅၀၀ နှင့် ရောင်းချပေးပြီးသည့်နောက် မိုဘိုင်းဖုန်း အသုံးပြုသူ ဦးရေ ပိုမိုများပြားလာခဲ့သည်။ မြန်မာနိုင်ငံတွင် မိုဘိုင်း အသုံးပြုသူဦးရေသည် တစ်လလျင် ၇၀,၀၀၀ နှင့် ပုံမှန် တိုးတက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာ နိုင်ငံတွင် မိုဘိုင်းဖုန်းနှင့် အင်တာနက် အသုံးပြုသူဦးရေ ၂.၆ သန်းရှိပြီး ၂၀၁၅ ခုနှစ်တွင် ၄၀ ရာခိုင်နှုန်း၊ ၂၀၁၆ တွင် ၆၀ ရာခိုင်နှုန်း ၂၀၁၇ တွင် ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်မည်ဟု ခန့်မှန်းကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သတင်းထုတ်ပြန်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.