Connect with us

Local

မြန်မာနိုင်ငံတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၅၆ ဘီလီယံကျော်ရ

ရခိုင်ပြည်နယ်ရှိ တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းစီမံကိန်း မှ ရေနံစိမ်း တိုင်ကီများအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှ ယခု ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ်အစ ဧပြီလ ၃ဝ ရက် အထိ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အဖြစ် အမေရိကန် ဒေါ်လာ ၅၆.၄၆၆ ဘီလီယံ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက် အရသိရသည်။

၎င်း ပမာဏသည် နိုင်ငံနှင့် ဒေသပေါင်း ၃၈ ခုမှ ကုမ္ပဏီပေါင်း ၉၁၅ ခုမှ ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ခွင့်ပြုထားသော ပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် တရုတ်နိုင်ငံ မှ ရင်းနှီးမြှုပ်နှံမှု ပေါင်း ၉၄ ခု၊ အမေရိကန် ဒေါ်လာ ၁၄. ၇၅၄ ဘီလီယံကျော် (၁၄၇၅၄.၄၉၄ မီလီယံ) ရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံဖြစ်သည်။ ထိုင်းနိုင်ငံမှ လုပ်ငန်းပေါင်း ၈၅ ခု တွင် ရင်းနှီးမြှုပ်နှံမှုပေါင်း အမေရိကန် ဒေါ်လာ ၁၀.၂၆၄ ဘီလီယံကျော် (၁၀၂၆၄.၇၁၁ မီလီယံ) ရှိကာ ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။ စင်ကာပူ နိုင်ငံမှ လုပ်ငန်းပေါင်း ၁၆၀ အတွက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၀.၂၃ ဘီလီယံ (၁၀၂၃၀.၄၀၂ မီလီယံ) ရှိပြီး၊ ဟောင်ကောင်ဒေသမှ လုပ်ငန်းပေါင်း ၁၀၂ ခုတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၇.၁၃၇ ဘီလီယံ (၇၁၃၇.၇၂၅ မီလီယံ) ရှိ ကြောင်းသိရသည်။

စီးပွါးရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ကဏ္ဍ အလိုက် ပြောရရင် ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ကတော့ စိတ်ဝင်စားသူ များတော့များတယ်။ ဒါပေမယ့် တခြားကဏ္ဍတွေလည်း တိုးတက်နေပါတယ်။ စိုက်ပျိုးရေးတို့၊ စက်မှုလုပ်ငန်းတို့လည်း ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ဖို့ ဆွေးနွေးနေတာ တွေတော့ ရှိပါတယ်” ဟု ဆင်ဟွာကို ပြောသည်။

ပြီးခဲ့သောနှစ်ကုန် အထိ လျှပ်စစ်ဓါတ်အား ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ၊ ရင်းနှီးမြှုပ်နှံမှု ငွေမှာ အမေရိကန် ဒေါ်လာ ၁၉.၃၂ ဘီလီယံရှိပြီး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံ ရှိကြောင်းဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးရသော အခြားကဏ္ဍ ၅ ခုမှာ ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၅.၆၁ ဘီလီယံရှိသော ကုန်ထုတ်လုပ်မှု ကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၃.၁၈၃ ဘီလီယံ ၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၂.၈၆၈ ဘီလီယံ ရှိပါတယ်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်၏ ပထမလအတွင်း ရေနံနှင့် သဘာဝဓါတ်ငွေ့ ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု နှင့် အခြားသော ဝန်ဆောင်မှုစသော ကဏ္ဍလေးခုတွင် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ ၂.၂၃ ဘီလီယံ ရှိကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုထဲတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် ကုမ္ပဏီ ၁၀ ခုမှ ရင်းနှီးမြှုပ်နှံငွေ အမေရိကန် ဒေါ်လာ ၂.၀၅ ဘီလီယံ၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ကုမ္ပဏီ ၉ ခုမှ ရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန် ဒေါ်လာ ၁၁၆.၈၄ သန်း၊ ဟိုတယ်နှင့် ခရီးသွား ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန် ဒေါ်လာ ၅၀.၇၅ သန်းနှင့် အခြားသော ဝန်ဆောင်မှု ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုငွေ အမေရိကန် ဒေါ်လာ ၁၃.၁၉ သန်းရှိခဲ့ကြောင်း သိရသည်။ (Xinhua)