Connect with us

Local

မြန်မာနိုင်ငံ၌ ကျင့်သုံးနေသည့် ဘဏ္ဍာရေးနှစ် သတ်မှတ်ချက် ပြောင်းလဲနိုင်ရေး ညှိနှိုင်း ဆောင်ရွက်မည်ဟုဆို

နိုင်ငံတော် သမ္မတ အိမ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည့် ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး(၂/၂၀၁၇)အား တွေ့ ရစဉ်(ဓာတ်ပုံ-The Mirror )

ရန်ကုန် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ကျင့်သုံးနေသည့် ဘဏ္ဍာရေးနှစ်ကို ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက် အထိ သတ်မှတ်ချက်အား ပြောင်းလဲ နိုင်ရေးအတွက် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ဇူလိုင် ၁၀ ရက်တွင် ပြောသည်။

“ဘဏ္ဍာရေး နှစ် ပြောင်းလဲဖို့က လွှတ်တော်နဲ့ကျွန်တော်တို့လုပ်ထုံး လုပ်နည်းတွေက အများကြီး ကျန်သေးတယ်။ လုပ်ထုံးလုပ်နည်းတွေ ပြောင်းရမယ်။တိုင်ပင်ပြီးမှ ဘယ်လိုလုပ်မယ်ဆိုတာ ထွက်လာမယ်။ ဘဏ္ဍာရေး နှစ် ပြောင်းတာက ချက်ချင်း လက်ငင်း ပြောင်းလို့မရဘူး။ပြောင်းဖို့လိုတယ်။အဲဒီတော့ ကျွန်တော်တို့ညှိရမယ်။”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ယနေ့ဇူလိုင် ၁၀ ရက်တွင် ပြောသည်။နိုင်ငံတကာတွင် ဘဏ္ဍာရေးနှစ် ၃ မျိုး ကျင့်သုံးနေပြီး ပြက္ခဒိန်နှစ် အတိုင်း သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ် ၊ ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်ထိ သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ် ၊ အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက် အထိ သတ်မှတ်ထားသည့် ဘဏ္ဍာရေးနှစ်တို့ဖြစ်သည်။

ပြက္ခဒိန်နှစ်နှင့် ယှဉ်လျှင် အောက်တိုဘာ-စက်တင်ဘာ ဘဏ္ဍာနှစ်သည် ပို၍ ဆီလျှော်သည့် အပိုင်း ဖြစ်ကြောင်း ၊ တစ်ဆက်တစ်စပ်တည်း လုပ်ကိုင်ရမည့် ပွင့်လင်း ရာသီသည် ကာလ အရှည်ဆုံး ဖြစ်ကြောင်း ၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေနိုင်ကြောင်း နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဘဏ္ဍာရေး ကော်မရှင် အစည်းအဝေး(၂/၂၀၁၇)တွင် ထည့်သွင်း ပြောကြားခဲ့သည်။စတင် ဆောင်ရွက်သည့်အချိန်၌ လက် ရှိကျင့်သုံးနေသည့် ဘဏ္ဍာရေးနှစ် နှင့် ပြင်ဆင် သတ်မှတ်လိုက်သည့် ဘဏ္ဍာရေးနှစ် တို့၏ ကာလအပိုင်း အခြား သတ်မှတ်ချက် မတူညီ သဖြင့် စာရင်း ပြုစုရာတွင် အနည်းငယ် အခက်အခဲရှိစေမည့်အပြင် မေခရိုစီးပွားရေးညွှန်းကိန်းများ တွက်ချက်ရာတွင်လည်း ပြောင်း လဲနိုင်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။

မေခရိုညွှန်းကိန်းအပေါ်တွင် ခန့်မှန်းတွက်ချက်ရသည့် ရငွေနှင့် အသုံးစရိတ်များသည်လည်း ညွှန်းကိန်းများ ပြောင်းလဲ သည်နှင့် ခန့်မှန်းတွက်ချက်မှုသည်လည်း ပြောင်းလဲနိုင်ပြီး အမှန်နှင့်နီးစပ်မှု မရှိနိုင်တော့ကြောင်း၊ ယင်းကို ဖြေရှင်းနိုင်ရန် အကောင်းဆုံးနည်းလမ်းကို ရှာဖွေရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ဘဏ္ဍာရေးနှစ် ပြင်ဆင် သတ်မှတ် ခြင်းကို ဝိုင်းဝန်း စဉ်းစားကြရန်၊ ဆွေးနွေးကြရန် တိုက်တွန်းလိုကြောင်း နိုင်ငံတော် သမ္မတက အစည်းအဝေးတွင် ပြောကြားခဲ့သည်။ဘဏ္ဍာရေးနှစ် ပြောင်းလဲခြင်းအား ပြည်ထောင်စု လွှတ်တော် နှင့် တိုင်ပင်ရန် လိုအပ်ကြောင်း ၊ ဘဏ္ဍာရေးနှစ် ပြောင်းလဲမည် ဆိုပါက အမြန် ပြောင်းလဲစေလိုကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုအစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ဘဏ္ဍာနှစ်သည် ဧပြီလ ၁ ရက်တွင် စတင်သည့် အတွက် ဆောက်လုပ်ရေး လုပ်ငန်း အချို့သည် မိုးရာသီတွင် ဆောင်ရွက်ရသည့် အတွက် အခက်အခဲ ရှိစေနိုင်ကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။ပြက္ခဒိန်နှစ် ဆိုလျှင် ဘဏ္ဍာနှစ်သည် ဇန်နဝါရီလတွင် စတင်ခြင်း ဖြစ်သည့် အတွက် Project များကို လုပ်ကိုင်ရန် ၊ ဆွေးနွေးရန် ၊ တင်ဒါခေါ်ရန် ၊ တင်ဒါ ခေါ်ပြီးနောက် မိုးရာသီနှင့် တိုက်ရိုက် တန်းတွေ့သည့် အခါ အလုပ်မလုပ်နိုင်ဘဲ လေးလ လောက် ကုန်ဆုံးသွားသည့် အတွက် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတား ဖြစ်စေကြောင်း နိုင်ငံတော် သမ္မတက ပြောကြားခဲ့သည်။(Xinhua)