Connect with us

Business

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်တို ၆ လ ကာလအတွင်း ကုန်သွယ်မှု ကန်ဒေါ်လာ ၁၇ ဘီလီယံ ဆောင်ရွက်နိုင်ရန် လျာထား

ရန်ကုန်မြို့ရှိ မြန်မာ့စက်မှုဆိပ်ကမ်း(MIP)၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ကွန်တိန်နာများသယ်ဆောင်နေသည့် ကရိန်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၀ ရက်(ဆင်ဟွာ)

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်တို ၆ လ ကာလအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၂ ဘီလီယံ ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၈ ဒသမ ၈ ဘီလီယံ ကုန်သွယ်မှု အနေဖြင့် အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံ ဆောင်ရွက်နိုင်ရန် လျာထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ကုန်သွယ်မှုလျာထားချက် ပြည့်မီအောင် ဆောင်ရွက်နိုင်ဖို့မှာ လတ်တလော နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဈေးနှုန်း မြင့်တက်မှုဟာ ပို့ကုန်ဈေးကွက်ရော၊ သွင်းကုန် ဈေးကွက်ရော (၂) ခု စလုံးကို ထိခိုက်စေတဲ့အတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ပါတယ်။ ပို့ကုန်ပစ္စည်း ပြည်တွင်းဈေးနှုန်းမြင့်တက်တာ သွင်းကုန်ပစ္စည်းဈေးနှုန်းမြင့်တက်ပြီး ပြည်တွင်း ဈေးကွက်ကို ထိခိုက်တာတွေ ရှိပါတယ်။ဒါကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်နိုင်ရေး၊ အမေရိကန်ဒေါ်လာဈေးနှုန်း ကျဆင်းရေးတို့ကို ဆက်စပ်အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ နှင့်အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။”ဟု ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးသောင်းနိုင်က ပြောကြားခဲ့သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြေအနေများ တည်ငြိမ်ရေး နှင့် ကုန်သွယ်မှုလျာထားချက် ပြည့်မီရေးအတွက် အထူး အလေးထားဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စက်တင်ဘာ ၁၀ ရက်အထိ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၇၁၇ ဘီလီယံ ၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၉၉ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှု ပမာဏ ၂၇ ဒသမ ၆၁၆ ဘီလီယံ ရရှိထားပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဘဏ္ဍာရေးနှစ်အား ဧပြီလ ၁ ရက် မှ မတ်လ ၃၁ ရက်အထိ ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ရန် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဘဏ္ဍာရေးနှစ်မှစ၍ ဆောင်ရွက်မည်ဖြစ်သည့်အတွက် လက်ရှိဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့် ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာ ၃၀ ရက်နောက်ပိုင်း ၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် ၊ မတ်လအထိ ၆ လအတွက် ဘတ်ဂျက်အား ကြားကာလဘတ်ဂျက်အဖြစ် ရေးဆွဲဆောင်ရွက်မည်ဖြစ်ကြောင်း ဩဂုတ် ၂၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လ အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်း တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှ သိရသည်။ (Xinhua)