Connect with us

Local

မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဘဏ္ဍာနှစ် ၁၁ လအတွင်း ကန်ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံကျော်ရှိ

ရန်ကုန်မြို့ အေးရှားဝေါလ် ဆိပ်ကမ်း၌ အတင်အချပြုလုပ်ထားသော ကွန်တိန်နာ များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) 

ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု ပမာဏသည် အမေရိကန် ဒေါ်လာ ၃၃ ဒသမ ၅ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ 

၂၀၁၉ ခုနှစ် အောက်တိုဘာ မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၂၈ ရက်ထိ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၉ ဘီလီလံကျော် ရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလီယံကျော် ရှိကြောင်း သိရသည်။ 

“ကုန်သွယ်မှုက တိုးလာတယ်ဆိုတာက လက္ခဏာကတော့ ကောင်းတဲ့ လက္ခဏာလို့ ဆိုချင်တာပေါ့နော်။ သို့သော် သွင်းကုန်(Import) တွေက ပိုများတယ်လို့ ပြောပါတယ်။ ကုန်သွယ်မှုက မမျှတတာလေးတွေတော့ ရှိတာပေါ့။ ဒါကတော့ နိုင်ငံတိုင်းမှာ မမျှတတာတွေ ရှိပါတယ်။ ဒါကြောင့် ကုန်သွယ်မှုက ရှိနေတယ်ဆိုတာတော့ ကောင်းတဲ့လက္ခဏာပါ။ ရှေ့ဆက်ပြီး မူဝါဒအရရော ပုံစံအမျိုးမျိုးနဲ့ ထိန်းသွားဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာလည်း Supply Chain က မပြတ်ဖို့ပဲ လိုပါတယ်။ ကုန်သွယ်မှုကလည်း မပြတ်ဖို့ပဲ လိုပါတယ်။” မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။

ထို့အတူ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း ပြည်ပကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် တိုးလာခဲ့ပြီး ပြီးခဲ့သော ဘဏ္ဍာနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၉ ဘီလီယံကျော်ရှိခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံအနေဖြင့် အဓိက ပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်း ၊ တိရစ္ဆာန်ထွက်ပစ္စည်း ၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်း ၊ စက်မှုကုန်ချောပစ္စည်း နှင့် အခြားတို့ ဖြစ်ကာ သွင်းကုန်များမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ 

နိုင်ငံ၏ ကုန်သွယ်မှု ပမာဏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြုလုပ်ပြီး  နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများ နှင့် နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)