Connect with us

Local

မြန်မာ့ဆန် ပိုမိုတင်ပို့နိုင်ရန် ဝယ်လက်များနှင့် ချိတ်ဆက်ပေးမည်ဟု အီးယူဆို

လယ္သမားမ်ား စပါးစိုက္ပ်ိဳးေနပံု (ဆင္ဟြာ)

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

မြန်မာ့ဆန် အီးယူဈေးကွက်ကို ပိုမိုတင်ပို့နိုင်ရေးအတွက် အီးယူဘက်မှ ဝယ်လက်များနှင့် ချိတ်ဆက်ပေး မည်ဟု အီးယူ (ဥရောပ သမဂ္ဂ) စီးပွားရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ဆွေးနွေးစဉ် ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆင်ဟွာသို့ ယနေ့ပြောကြားသည်။

“ ဒီဇွန်လကုန်မှာ ဒီဘက်က နိုင်ငံ အကြီးအကဲတစ်ယောက်ရယ် ဆန်စပါးက လူတွေနဲ့ ထပ်ဆွေးနွေးဖို့ ရှိပါတယ်၊ အီးယူဘက်ကလဲ ဒီထက် ပိုဝယ်ချင်တယ်၊ ဆန်ပို ဝယ်နိုင်ဖို့ သူတို့ဘက်က ဝယ်လက်တွေနဲ့ ချိတ်ပေးမယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့ ဆန်များကို အီးယူသို့ တစ်လလျှင် တန်ချိန် တစ်သောင်းနှင့် တစ်သောင်းခွဲကြား တင်ပို့မှု ရှိနေကြောင်း ဒေါက်တာ စိုးထွန်းက ပြောသည်။

လက်ရှိ အီးယူဈေးကွက်သို့ မြန်မာမှ အရည်အသွေးနိမ့် ဆန်ကိုသာ တန်ပို့နေပြီး အရည်အသွေးမြင့် အမျိုးအစားဖြစ်သည့် ပေါ်ဆန်းမွှေး အပါအဝင် လုံးသွယ်မွှေး အမျိုးအစားများကို တင်ပို့မည်ဆိုလျှင် ပြည်တွင်း ဈေးကို အိတ်စပို့ဈေးက လိုက်နိုင်ခြင်းမရှိသည့်အတွက် ကုန်ကျစရိတ် သက်သာအောင် ထုတ်လုပ်နိုင်ရန် လိုအပ်လျှက်ရှိသည်။

“အီယူဈေးကွက်ကို မြန်မာ့ဆန်တင်ပို့မှု လျော့ကျနေတာကို ဖွံ့ဖြိုးတိုးတက်လာ စေဖို့အတွက်လည်း ရည်ရွယ်ပါတယ်။ ဒါကြောင့် ဒီတွေ့ဆုံမှုက အင်မတန်ကောင်းတဲ့ တွေ့ဆုံဆွေးနွေးမှုတခုလို့ ကျွန်နော်ထင်ပါတယ်” ဟု အီးယူ စီးပွားရေး အဖွဲ့ခေါင်းဆောင် မစ္စတာ Nikolaos က ပြောကြားသည်။

မြန်မာ့ဆန် အီးယ ူဈေးကွက်ကို ပိုမို တင်ပို့နိုင်ရေးအတွက် ဆန်တင်သွင်းမှုနှင့် ပတ်သက်ပြီး အီးယူ (ဥရောပ သမဂ္ဂ) စီးပွားရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ရန်ကုန်မြို့ ကုန်သည် စက်မှု အသင်းချုပ်ရုံးတွင် ဇွန်လ ၁၇ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယင်းတွေ့ဆုံ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံဘက်မှ ဆန်တင်ပို့မှု အခက်အခဲနှင့် အီးယူဘက်မှ အရည်အသွေးပိုင်းများ ဆွေးနွေးခဲ့သည်။လက်ရှိ အီးယူအနေဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် တစ်သန်းနီးပါး ပြည်ပက ဝယ်ယူလျှက်ရှိရာ ကမ္ဘောဒီးယားက အများဆုံး တင်သွင်းမှုရှိနေပြီး မြန်မာနိုင်ငံအနေဖြင့် အနည်းငယ်သာ တင်ပို့နိုင်သည်။ (Xinhua)