Connect with us

Local

မြွေဆိပ်ဖြေဆေးများကို လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံများသို့ ဈေးကွက် ချဲ့ထွင် ရောင်းချနေ

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဆေးဝါးစက်ရုံ(အင်းစိန်) မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲသို့  သွားရောက် ကြည့်ရှု စစ်ဆေးခဲ့စဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၂၀ ရက်(ဆင်ဟွာ)

ဆေးဝါးစက်ရုံ (အင်းစိန်)BPI မှ မြွေဆိပ်ဖြေဆေးများကို လုံလောက်စွာ ထုတ်လုပ်နိုင်ပြီဖြစ်၍ ပြည်ပ နိုင်ငံများ ဖြစ်သော လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်ရောင်းချနေပြီ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင် မြွေဆိပ်ဖြေဆေး အနေဖြင့် မြွေဟောက် အဆိပ်ဖြေဆေး နှစ်သောင်း ၊ မြွေပွေး အဆိပ်ဖြေဆေး တစ်သိန်း စုစုပေါင်း တစ်သိန်းနှစ်သောင်း ထုတ်လုပ်ရန် လျာထားကြောင်း သိရသည်။

မြွေဆိပ်အား သြစတြေးလျနည်းပညာဖြင့် အေးခဲခြောက် စနစ်အတိုင်း ဆောင်ရွက်လျက်ရှိရာ ယင်းစနစ်ကြောင့် ပိုမို တာရှည်ခံပြီး မြွေဆိပ်အရည်အသွေး ပိုမိုမြင့်မားစွာရရှိနိုင်မည် ဖြစ်ကြောင်း ၊ မြွေဆိပ် ဖြေဆေးအား ယခင်က သာမန်အပူချိန်တွင် ထားရှိ နိုင်မှုမရှိဘဲ အအေးခန်းတွင် ထားသိုနိုင်သည့် အခြေအနေမှ ယခုအခါ အေးခဲခြောက်စနစ်ဖြင့် ထားသိုနိုင်အောင် ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း ၊ သာမန်အခန်း အပူချိန်တွင် ထားရှိ၍ ကျေးလက် ဒေသများသို့ ပို့ဆောင်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲသို့ မေ ၁၉ ရက်တွင် သွားရောက်ခဲ့ပြီး မြွေဆိပ်အား အေးခဲခြောက်စနစ်ဖြင့် ထိန်းသိမ်းထား ရှိမှု၊ မြွေပွေးနှင့်မြွေဟောက်များ စနစ်တကျမွေးမြူထားရှိမှု၊ မြင်းသွေးရည်ကြည်အား အရည်အသွေး ပြည့်မီမှု ရှိ၊ မရှိ စစ်ဆေး နေသည့် အခြေအနေ၊ မြင်းသွေးရည်ကြည်အား မြွေဆိပ်ဖြင့် စမ်းသပ်စစ်ဆေးမှု၊ အအေးခန်းတွင် မြင်းသွေးရည်ကြည်များ ထားသိုမှု၊ မြင်းသွေးရည်ကြည်တွင် သတ်မှတ်ထားသော အရည် အသွေးပြည့်မီမှု ရှိ၊ မရှိ စစ်ဆေးသည့် အခြေအနေ၊ မြင်းများ စနစ်တကျမွေးမြူထားသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.