Connect with us

Local

ယူကေထုတ်ကုန် တင်ပို့ရေး ဘဏ္ဍာငွေမှ ဗြိတိန် ကုမ္ပဏီများအား မြန်မာနိုင်ငံသို့ထုတ်ကုန် တင်ပို့ရေး ပံ့ပိုးသည့် အနေဖြင့် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၃၀၀ ထုတ်ချေး

ဗြိတိန် ပို့ဆောင်ရေး ဝန်ကြီး လော့(ဒ်) အာမာ့(ဒ်) အားတွေ့ရစဉ် (ဓာတ်ပုံ- British Embassy)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ထုတ်ကုန် တင်ပို့ရေးအတွက် ပံ့ပိုးပေးသည့် အနေဖြင့် ဗြိတိန် ကုမ္ပဏီများအား ယူကေ ထုတ်ကုန် တင်ပို့ရေး ဘဏ္ဍာငွေ (UK Export Finance- UKEF) အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးငွေ မတည်မှုကို ဗြိတိန် ပို့ဆောင်ရေး ဝန်ကြီး လော့(ဒ်) အာမာ့(ဒ်) ၏ မြန်မာပြည် ခရီးစဉ်အတွင်း ကြေညာခဲ့ကြောင်း ဗြိတိသျှသံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဗြိတိန် ပို့ဆောင်ရေး ဝန်ကြီး လော့(ဒ်) အာမာ့(ဒ်) သည် ပို့ဆောင်ရေး အခြေခံအဆောက်အအုံကို ဆွေးနွေးရန်၊ ဗြိတိန်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ထုတ်ကုန်တင်ပို့ရေး အတွက် ပံ့ပိုးပေးသည့်အနေဖြင့် ယူကေထုတ်ကုန်တင်ပို့ရေး ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးငွေမတည်မှုကို ကြေညာရန်နှင့် ယူကေ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဌာန (UKTI) ၏ မြန်မာနိုင်ငံ “Business is GREAT”လှုပ်ရှားမှုအား စတင် မိတ်ဆက်ရန် မြန်မာနိုင်ငံသို့ဖေဖော်ဝါရီလ ၁၈ ရက်မှ ၁၉ ရက်အထိ လာရောက်ခဲ့သည်။

ဗြိတိန် ပို့ဆောင်ရေး ဝန်ကြီး လော့(ဒ်) အာမာ့(ဒ်)က “ နိုင်ငံရေး အရရော စီးပွားရေး အရပါ အခုလို စိတ်လှုပ်ရှားစရာ အလွန်ကောင်းလှတဲ့ ကာလမှာ မြန်မာနိုင်ငံကို လာရောက်ခွင့် ရတဲ့အတွက် ဝမ်းသာ ကြည်နူးရပါတယ်။ အခွင့်အလမ်း သစ်တွေ ပေါ်ပေါက်နေတာမို့ ဗြိတိန် ကုမ္ပဏီတွေ မြန်မာနိုင်ငံကို ထုတ်ကုန်တင်ပို့ရာမှာ ပံ့ပိုးပေးတဲ့အနေနဲ့ ယူကေ ထုတ်ကုန် တင်ပို့ရေး ဘဏ္ဍာငွေ (UKEF) က သူ့ရဲ့ ဖြန့်ကျက်မှု စွမ်းအားကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ အထိ တိုးမြှင့်လိုက်ကြောင်း ကြေညာနိုင်တဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်။ သည်အချက်ဟာ ဗြိတိသျှ ကုမ္ပဏီများ အတွက်ရော မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါလှပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည် ဆက်နွယ် ပတ်သက်လာသကဲ့သို့ နိုင်ငံ၏ အခြေခံ အဆောက် အအုံ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နေသည့် အားလျော်စွာ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်း အပြိုင်အဆိုင် ဆောင်ရွက်ရန် အားထုတ်နေကြသည့် ဗြိတိသျှ ထုတ်ကုန်တင်ပို့သူများအတွက် လိုအပ်သော ပံ့ပိုးမှုကို ရရှိနိုင်ရန် ဗြိတိန်နိုင်ငံ၏ ထုတ်ကုန်တင်ပို့မှု ချေးငွေ ဌာနဖြစ်သော UKEF က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဗြိတိန် ပို့ဆောင်ရေး ဝန်ကြီး လော့(ဒ်) အာမာ့(ဒ်)၏ နှစ်ရက်ကြာ မြန်မာပြည် ခရီးစဉ် အတွင်း ရန်ကုန်မြို့ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်တွင်း စီးပွားရေး လုပ်ငန်း အသိုင်းအဝိုင်း၊ နိုင်ငံတကာ စီးပွားရေး လုပ်ငန်း အသိုင်းအဝိုင်း တို့နှင့်တကွ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်နေကြသည့် ဖွံ့ဖြိုးရေး တွဲဖက် ဆောင်ရွက် နေကြသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံများ နှင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအား ထောက်ပံ့ ကူညီရန် ဗြိတိန် ပို့ဆောင်ရေး ဝန်ကြီး လော့(ဒ်) အာမာ့(ဒ်)သည် မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)