Connect with us

Local

လုပ်သားကျွမ်းကျင်မှု တိုးတက်ရေးအတွက် ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်

အလုပ်သမား ရေးရာဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

လုပ်သားကျွမ်းကျင်မှု တိုးတက်ရေးအတွက် ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အလုပ်သမား ရေးရာဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး အတွက် ၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ် အတွင်း ကျွမ်းကျင်လုပ်သား ၅၀၀၀ ဦး စစ်ဆေး အကဲဖြတ်ရေး လုပ်ငန်းစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ ဧပြီလမှ ဒီဇင်ဘာလ အထိ အလုပ်အကိုင် (၁၈) မျိုးအတွက် ကျွမ်းကျင် လုပ်သား ၂၇၀၀ ဦးကျော်အား စစ်ဆေး အကဲဖြတ်နိုင်ခဲ့ကြောင်း၊ အောင်မြင်သူ ၂၃၀၀ ဦးကျော် ရှိကြောင်း၊ လျာထားချက် ပြည့်မီအောင် ပြည်ပ အဖွဲ့အစည်းများနှင့် အခြားသော ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားရန် ရှိကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတော်၏ ရည်မှန်းချက် တာဝန်များတွင်လည်း အလုပ်အကိုင် ရရှိရေး၊ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး စသည့် အချက်များသည် အဓိက ဦးတည်ချက်များ ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အလုပ်သမား ရေးရာ ဥပဒေများနှင့် အညီ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်း ဆောင်ရွက်မှုဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် မျှော်မှန်း၍ အရည်အချင်း ပြည့်ဝသော အလုပ်သမား အင်အားထု ဖွံ့ဖြိုးတိုးတက် လာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမို ဖန်တီးပေးနိုင်ရေးတို့ အတွက် ရည်မှန်းချက်များ၊ အလုပ်သမားထု တစ်ရပ်လုံး၏ လူမှုစီးပွားဘဝ မြင့်မား တိုးတက်ရေး အတွက် မူဝါဒများ ချမှတ်ပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် အတွက် လုပ်ငန်းစဉ်များ ချမှတ် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အလုပ်သမားများ၏ ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းစဉ်များကို အလေးထားရန် လိုကြောင်း၊ အလုပ်ရှင်နှင့် အလုပ်သမား မပြေလည်မှုများအား လုပ်ငန်းခွင် အတွင်းမှာပင် ညှိနှိုင်း ဖြေရှင်းပေးသည့် ဓလေ့များ ပိုမိုရှင်သန်အောင် ဆောင်ရွက်သွားရန် လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်ပနိုင်ငံများတွင် ရောက်ရှိ အလုပ်လုပ်ကိုင် နေကြသည့် မြန်မာ အလုပ်သမားများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ၁ သန်းကျော်အား CI ပြုလုပ်ပေးနိုင်ခဲ့ပြီး Passport များကိုလည်း ယခင် ကာလများထက် ပိုမို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက် နိုင်လာပြီ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဆိုသည်။

တရားမဝင် အလုပ်သမား စေလွှတ်သည့် အေဂျင်စီများကိုလည်း ဖော်ထုတ် အရေးယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မလေးရှားနိုင်ငံသို့လည်း အလုပ်သမားများ ပြန်လည် စေလွှတ်ခွင့်ရရှိပြီ ဖြစ်၍ အမြန်ဆုံး စေလွှတ်နိုင်ရေး ဆောင်ရွက်လျက် ရှိပြီး လုပ်ထုံးလုပ်နည်း ဥပဒေ မူဝါဒများနှင့်အညီ စေလွှတ်နိုင်ရေး အတွက် အေဂျင်စီများအား ဝန်ကြီးဌာန အနေဖြင့် ကြပ်မတ် ထိန်းသိမ်း ဆောင်ရွက် သွားရန် လိုကြောင်း ၎င်းက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.