Connect with us

Local

ကျောက်မျက် ရတနာ နှင့် အချောထည် ဈေးကွက် အောင်မြင်စွာ ဖြစ်ထွန်းစေရေး ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

နိုင်ငံ အတွင်း ကျောက်မျက် ရတနာ နှင့် အချောထည် ဈေးကွက် အောင်မြင်စွာ ဖြစ်ထွန်းစေရေး ရည်ရွယ်ချက် များဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ ၂၀၁၈ အား ယနေ့ ယနေ့ ဇန်နဝါရီ ၁၁ ရက်မှ စတင်၍ ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပ ပြုလုပ်လျက် ရှိသည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ ၂၀၁၈ အား သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန၏ ဦးဆောင် လမ်းညွှန်မှု ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်၏ ပံ့ပိုး ကူညီမှု တို့ဖြင့် ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်)မှ ကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက ယခု ကဲ့သို့ နိုင်ငံ တကာ အဆင့်မီ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ ကျင်းပခြင်းဖြင့် အခြား နိုင်ငံတွင် ဖြစ်ပေါ် နေသော ကျောက်မျက် ရတနာ နှင့် အချောထည် ဈေးကွက်ကို မြန်မာနိုင်ငံ အတွင်း အောင်မြင်စွာ ဖြစ်ထွန်းစေရန် ၊ မြန်မာနိုင်ငံမှ ထွက်ရှိသော အရည်အသွေးကောင်း ကျောက်မျက် ရတနာများကို ဖော်ထုတ် ပြသနိုင်ပြီး နိုင်ငံခြား ခရီးသွား ဝယ်ယူသူများ ပိုမို ဝင်ရောက် လာစေရန် ၊ မြန်မာနိုင်ငံ၏ ကောင်းမွန် သော ပုံရိပ်များကို နိုင်ငံတကာမှ သိရှိစေရန် အစရှိသည့် ရည်ရွယ်ချက်ကောင်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြပွဲ အဖွင့် အမှာ စကားတွင် ပြောကြားခဲ့သည်။

ယခု အချိန်တွင် ကျောက်မျက် ရတနာများကို အရိုင်းအတိုင်း ရောင်းချခြင်းထက် တန်ဖိုးမြှင့် ထုတ်ကုန် အချော ထည်များ အဖြစ် ထုတ်လုပ် ရောင်းချနိုင်ရေး ဦးတည်ချက်ထား ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင် များ အသင်းမှ ကျောက်မျက် ရတနာများကို အရိုင်း အတိုင်း ရောင်းချခြင်းထက် အချောထည်များ ပိုမို ထုတ်လုပ် တင်ပြ ရောင်းချနိုင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားရန် ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းက တိုက်တွန်းခဲ့သည်။

နိုင်ငံသား ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အနေဖြင့် ကျောက်မျက် ရတနာ အချောထည်များ ရောင်းချ ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများ ၊ အမိန့်ကြော်ငြာစာ ၊ လုပ်ထုံးလုပ်နည်း များနှင့် အညီ သတ်မှတ် ထားရှိသည့် ရတနာပြပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အလေးထား လိုက်နာ ဆောင်ရွက် သွားကြရန် မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ ကျောက်မျက် ရတနာ လာရောက်ဝယ်ယူရန် လွယ်ကူသည့်ကျောက်မျက်ဈေးကွက် ဖြစ်ပေါ်လာစေရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ပံ့ပိုးကူညီမည် ဖြစ်ကြောင်း ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အတူ ရန်ကုန်တိုင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က ပြပွဲ ဖွင့်ပွဲ အခမ်းအနားတွင် ကျေးဇူးတင် စကား ပြောကြားခဲ့သည်။

ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း(ရန်ကုန်) ဒုတိယ ဥက္ကဋ္ဌ(၄) ဒေါ်မြင့်သက်နိုင်က “ကိုယ့်တိုင်းပြည်က ထွက်တဲ့ ကျောက်မျက်နဲ့ပတ်သတ်ပြီး ကိုယ့်တိုင်းပြည်မှာပဲ ရာနှုန်းပြည့် ဈေးကွက် ဖြစ်ထွန်းအောင် လုပ်တာပါ။ကိုယ့်တိုင်းပြည်မှာ ထွက်တဲ့ ကျောက်မျက် ရတနာ အချောထည်နဲ့လက်ဝတ် ရတနာ ဈေးကွက် ရာနှုန်းပြည့် ဖွံ့ဖြိုး တိုးတက်ပြီး တိုင်းပြည်မှာလဲ နိုင်ငံခြား ဝင်ငွေ ရရှိလာအောင် ၊ နိုင်ငံ ဝင်ငွေ တိုးတက် မြင့်မားလာအောင် ရည်ရွယ်ချက်တွေနဲ့ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။”ဟု ပြောကြားခဲ့သည်။

ရန်ကုန် အပြည်ပြည် ဆိုင်ရာ ကျောက်မျက် ရတနာ နှင့် လက်ဝတ် ရတနာ အချောထည် ပြပွဲ ၂၀၁၈ အား ဇန်နဝါရီ ၁၁ ရက်မှ ဇန်နဝါရီ ၁၄ ရက် အထိ ပြသ သွားမည် ဖြစ်ပြီး ပြည်တွင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များမှ အရောင်း ဆိုင်ခန်းပေါင်း ၁၀၀ ပါဝင် ဖွင့်လှစ်ပြီး ပြည်တွင်း ရတနာ ကုန်သည် ဦးရေ ၁၀၀၀၀ ကျော်ခန့် နှင့် ပြည်ပ ၃၇ နိုင်ငံမှ ရတနာ ကုန်သည် ဦးရေ ၁၀၀၀ ကျော် ဖိတ်ကြားထားကြောင်း သိရသည်။

ပြည်ပမှ လာရောက် ဝယ်ယူလိုသူများ အတွက် မြန်မာနိုင်ငံမှ ထွက်သည့် ပတ္တမြား ၊ နီလာ ၊ ကျောက်စိမ်းများသည် အရည်အသွေး ကောင်းမွန်ပြီး နိုင်ငံမှ ထွက်သည့် ကျောက်မျက်များအား နိုင်ငံတွင်း၌ လာရောက် ဝယ်ယူမည် ဆိုပါက နိုင်ငံတကာထက် ဈေးသက်သာမည် ဖြစ်ကြောင်း ဒေါ်မြင့်သက်နိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

ပြပွဲဖွင့်ပွဲ အခမ်းအနားအား သယံဇာတ နှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးရုံးမူ ၊ ရန်ကုန်တိုင်း ကျောက်မျက် ရတနာ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ပြပွဲ ဆိုင်းဘုတ်မုဒ်ဦးအား ဖွင့်လှစ်ခဲ့သည်။(Xinhua)