Connect with us

Local

သီလဝါ အထူး စီးပွားရေးဇုန် အပိုင်း (က) ပထမဆုံး လုပ်ကွက် စတင် ဖွင့်လှစ်

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၊ ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး မစ္စတာ တာရိုအာစိုနှင့် တာဝန်ရှိသူများမှ သီလဝါ အထူး စီးပွားရေးဇုန် အပိုင်း (က) ပထမဆုံး လုပ်ကွက်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန် တောင်ပိုင်းခရိုင် ၊ သန်လျင်-ကျောက်တန်း ဒေသတွင် ဖော်ဆောင်လျက် ရှိသည့် သီလဝါ အထူး စီးပွားရေးဇုန်၏ အပိုင်း (က) ဖွံ့ဖြိုးရေးမှ ပထမဆုံး လုပ်ကွက်ဖြစ်သော ဟက်တာ ၂၁၀ အကျယ်ရှိ phase (1) ဧရိယာကို ယနေ့စက်တင်ဘာ ၂၃ ရက်တွင် ဖွင့်လှစ် ပေးခဲ့သည်။

ယင်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက မြန်မာနိုင်ငံ အတွက် သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်းသည် ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု တိုးပွားလာရုံ သာမက နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ရန် မျှော်လင့်ချက် ထားရှိပါကြောင်း ၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု ကဏ္ဍတွင် တိုးတက် လာနိုင်သကဲ့သို့မူဝါဒ သစ်များ ၊ စည်းမျဉ်း စည်းကမ်း အသစ်များဖြင့် လုပ်ကိုင်၍ အလုပ်အကိုင်များ ဖန်တီး ပေးထားပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဝင်လာ နိုင်ရန် မျှော်လင့် ထားပါကြောင်း ၊ ရေရှည် လုပ်ကိုင်နိုင်မည့် ခိုင်မာမှုရှိသော မည်သည့် လုပ်ငန်းများကို မဆို ဦးစားပေး ရင်းနှီးမြှုပ်နှံ ခွင့်ပြုသွားမည် ဖြစ်၍ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ သူများကို သီလဝါ အထူစီးပွားရေးဇုန်၏ အခွင့်အလမ်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း ပြောကြားခဲ့သည်။

သီလဝါ အထူး စီးပွားရေးဇုန် ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က သီလဝါ အထူး စီးပွားရေးဇုန်သည် မြန်မာ-ဂျပန် နှစ်နိုင်ငံလုံး၏ စက်မှု လုပ်ငန်းမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ များအား နိုင်ငံတကာ စံနှုန်းများနှင့်အညီ ရေရှည် လုပ်ဆောင်သွားရမည်ဟု အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

သီလဝါ အထူးစီးပွားရေး ဇုန်တွင် ဂျပန် ၊ တရုတ်၊ ကိုးရီးယားနှင့် အခြားပြည်ပ နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ထားပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြသည့် ကုန်ထုတ်လုပ်ငန်းများသည် ထုတ်လုပ်ထားသော ကုန်စည်များ တွင်ကျယ်လာပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များကိုပါ တင်ပို့ ရောင်းချနိုင်ရန် အထိ ရည်ရွယ်ထားကြောင်း ဂျပန်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေး ဝန်ကြီး မစ္စတာ တာရို အာစို က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ စီးပွားရေး ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြည်နယ်ဝန်ကြီး Mr.Yosake Takagi က ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် သီလဝါ အထူး စီးပွားရေးဇုန်ကို ပန္နက်ရိုက် အခမ်းအနား ပြုလုပ်ခဲ့သည့်အချိန်တွင် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ဝင်ရောက် လုပ်ကိုင်ခဲ့သော ဂျပန်ကုမ္ပဏီပေါင်း ၂၁၁ ခုရှိခဲ့ရာမှ ယခုအခါ ၂၆၀ အထိ တိုးလာခဲ့ကြောင်း ၊ သီလဝါ အထူးစီးပွားရေးဇုန်တွင် နှစ်နိုင်လုံး၏ အထင်ကရ လုပ်ငန်းများ ဖြစ်သည့် လျှပ်စစ် ၊ ရေပေးဝေရေး လုပ်ငန်း၊ ဆိပ်ကမ်း၊ လမ်းတံတားနှင့် ဆက်သွယ်ရေး စသည့် လုပ်ငန်းများကို စတင် လုပ်ကိုင်ခဲ့ကြောင်း ၊ ယခုအခါ အထူးစီးပွားရေးဇုန် အပိုင်း (က) ကို လုပ်ကိုင်နိုင်ရန် စီစဉ်ထားသကဲ့သို့ အပိုင်း(ခ) အတွက်လည်း နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးမည်ဟု ပြောကြားခဲ့သည်။

ယင်းလုပ်ကွက် phase (1) သည် ဟက်တာ ၂၁၀ ကျော် ၊ ဧက ၅၀၀ အထက် ကျယ်ဝန်းပြီး ရေကြောင်း တက္ကသိုလ်လမ်း နှင့် စက်မှုဇုန်လမ်းတွင် ထောင့်ကွက်အဖြစ် တည်ရှိနေပြီး ယင်းဧရိယာတွင် တည်ဆောက်မည့် စက်ရုံ ၊ အလုပ်ရုံများ အပိုင်းလိုက် ရှိရာ A အပိုင်းတွင် စက်ရုံအကွက် ၂၁ ကွက် ၊ B အပိုင်းတွင် စက်ရုံ အကွက် ၂၄ ကွက် ၊ C အပိုင်းတွင် စက်ရုံအကွက် ၂၇ ကွက် ၊ D အပိုင်းတွင် စက်ရုံ အကွက် ၁၉ ကွက် တို့ကို အသီးသီး တည်ဆောက်ရန် မြေနေရာများ တည်ရှိနေကြောင်း သိရသည်။

သီလဝါ အထူး စီးပွားရေးဇုန်၏ အပိုင်း A,B,C တို့တွင် စက်ရုံပေါင်း ၄၀ ကျော် ဆောက်လုပ်ရန် လျှောက်ထားလာရာ သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း၏ စည်းမျဉ်း စည်းကမ်းများအား လိုက်နာနိုင်သော ကုမ္မဏီများသာ ဇုန်ကော်မတီမှ ခွင့်ပြုသွားမည်ဟု သိရသည်။ (Xinhua)