Connect with us

Economy

ရှယ်ယာ ရောင်းဝယ်မှု ပမာဏ မြင့်တက် လာစေရန် မြန်မာ သီလဝါ အထူး စီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ၏ အစုရှယ်ယာ ၁ စုအား ၁၀ စု အဖြစ် ရှယ်ယာ ခွဲခြမ်းခြင်း ပြုလုပ်သွားမည်

မြန်မာ သီလ၀ါ အထူး စီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ အရောင်းအ၀ယ် ပြုလုပ်သည့် ရန်ကုန် စတော့အိတ်ချိန်းအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)

ရင်းနှီးငွေ နည်းပါးသည့် ပြည်သူများ ရင်းနှီးနိုင်သည့် ငွေပမာဏ အလျောက် အစု ရှယ်ယာများ လွယ်လင့်တကူ ဝယ်ယူ ရင်းနှီး မြှုပ်နှံနိုင်ရန် နှင့် ကဏ္ဍစုံ ရင်းနှီး မြှုပ်နှံသူများ ပိုမို ပါဝင် လာခြင်းဖြင့် ရှယ်ယာ ရောင်းဝယ်မှု ပမာဏ မြင့်တက် လာစေရန် ရည်ရွယ်၍ မြန်မာ သီလဝါ အထူး စီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ (MTSH) မှ အစု ရှယ်ယာ ခွဲခြင်းခြင်းများအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ သီလဝါ အထူး စီးပွားရေး ဇုန် အများပိုင် ကုမ္ပဏီ (MTSH) ၏ သာမန် အစု ရှယ်ယာ တစ်စု အား ဆယ်စု အဖြစ်သို့ရှယ်ယာ ခွဲခြမ်းခြင်း ပြုလုပ်မည်ကို အဆိုပြုရန် ဒါရိုက်တာ အဖွဲ့မှ ဆုံးဖြတ်ကြောင်း စက်တင်ဘာလ ၃၀ ရက်တွင် အသိပေး ကြေညာခဲ့သည်။ရှယ်ယာ ခွဲခြင်းခြင်း ပြီးဆုံးပြီး စတင် အကျိုး သက်ရောက်သည့် နေ့မှ စ၍ ကုမ္ပဏီ၏ ထုတ်ဝေပြီးသော အစုရှယ်ယာ စုစုပေါင်းမှာ ၃,၈၉၂,၉၁၅ စုမှ ၃၈,၉၂၉,၁၅၀ စုသို့ပြောင်းလဲ သွားမည် ဖြစ်ပြီး ရှယ်ယာ တစ်စုချင်းစီ၏ မူရင်း သတ်မှတ် တန်ဖိုးမှာ ကျပ် ၁ သောင်း မှ ကျပ် ၁ ထောင်သို့ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရသည်။ထိုသို့စတင် အကျိုး သက်ရောက်သည့် နေ့မတိုင်မီ ရှယ်ယာ တစ်စု ပိုင်သော ရှယ်ယာရှင်သည် စတင် အကျိုး သက်ရောက်သည့် နေ့မှ စ၍ ရှယ်ယာ ဆယ်စု ပိုင်ဆိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပြုထားသော ရှယ်ယာ ခွဲခြမ်းခြင်း အတွက် အထူး ဆုံးဖြတ်ချက် ချမှတ်၍ သင်းဖွဲ့စည်းမျဉ်းအား ပြင်ဆင် ၊ ဖြည့်စွက်ရန် အောက်တိုဘာလ ၂၃ ရက်တွင် ကျင်းပ ပြုလုပ်မည့် သာမန်ထက် ထူးကဲသော အထွေထွေ အစည်းအဝေးတွင် အစု ရှယ်ယာရှင်များ၏ အတည်ပြုချက်အား ရယူမည် ဖြစ်ကြောင်း သိရသည်။ထိုဆုံးဖြတ်ချက်အား ကုမ္ပဏီ နှင့် အစုရှယ်ယာရှင်များ အပါအဝင် အခြားသော ရင်းနှီးမြှုပ်နှံသူများပါ အကျိုးရှိမည်ဟု ယုံကြည်သောကြောင့် ဒါရိုက်တာ အဖွဲ့မှ အဆိုပြုခြင်း ဖြစ်ပြီး ရှယ်ယာ ခွဲခြင်းခြင်း ခံစားခွင့် ရရှိမည့် အစုရှယ်ယာရှင် အဖြစ် အတည်ပြု နေ့ရက်အား သတ်မှတ်ပြီးပါက ရင်းနှီးမြှုပ်နှံသူများနှင့် အစုရှယ်ယာရှင် များထံသို့ထပ်မံ အသိပေးကြေညာမည် ဖြစ်ကြောင်း သိရသည်။(Xinhua)