Connect with us

Business

မော်လမြိုင်မြို့၌ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများစတင် ဖိတ်ခေါ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အနီး၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်မည့် ကုမ္ပဏီများစတင် ဖိတ်ခေါ်ထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအားတွေ့ရစဉ် (ဆင်ဟွာ)

“မော်လမြိုင်မြို့ရဲ့ အနီး မုဒုံမှာတည်ဆောက်ဖို့ စိစစ်ဆောင်ရွက်ထားတယ်၊ လုပ်ငန်းဖြစ်နိုင်ခြေ လေ့လာဆန်းစစ်မှုတွေအတွက်တော့ ပုဂ္ဂလိကကုမ္ပဏီတွေကို အိတ်ဖွင့်တင်ဒါခေါ်ဆောင်ရွက်နေတယ်၊ ဒါ လတ်တလောလုပ်နေတာပါ” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းသစ်ကို မော်လမြိုင်မြို့အနီး မုဒုံမြို့နယ် ဘလောက် ညောင်ဝိုင်းကျေးရွာနှင့် ဝဲကလိကျေးရွာအကြားတည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ နိုင်ငံတကာကုန်သွယ်ရေးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား စုစုပေါင်း ၄၅ စင်း ရှိလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ (၉) ခုရှိပြီး ရန်ကုန်၊ ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ မော်လမြိုင်၊ပုသိမ်၊ သံတွဲ၊ စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင်ရှိကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတစ်ခုမှအပ နိုင်ငံတကာကုန်သွယ်ရေးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီး ကျန်မြို့ (၈)မြို့နယ်ရှိ ဆိပ်ကမ်းများသည် ပင်လယ်ရေကြောင်းလမ်းဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသော်လည်း ပြည်တွင်းဆိပ်ကမ်းအဆင့်သာရှိကြောင်း သိရသည်။

နိုင်ငံတကာနှင့်ကုန်သွယ်မှုဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းလမ်းများကို အများဆုံး အသုံးပြုလုပ်ဆောင်လျက်ရှိပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် တိုးတက်လာသော နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများနှင့်အညီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသစ်တည်ဆောက်ရာ ၌ စက်ကိရိယာများဖြည့်တင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။ (Xinhua)