Connect with us

Business

ပြည်တွင်းပေးချေမှုများဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေကိုသာ အသုံးပြုဆောင်ရွက်ရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) အားတွေ့ရစဉ် (ဓာတ်ပုံ-- မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

ရန်ကုန်၊ မေ ၂၆ ရက် (ဆင်ဟွာ)

ပြည်တွင်းပေးချေမှုများဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေကိုသာ အသုံးပြုဆောင်ရွက်ရန်ကိစ္စ နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကမေ ၂၅ ရက် ရက်စွဲဖြင့် အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။

နိုင်ငံအတွင်း၌ ရောင်းချ/ဝယ်ယူသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ/ပေးချေခြင်းတို့ကြောင့် ပြည်တွင်းတွင် နိုင်ငံခြားသုံးငွေ ကျယ်ပြန့်စွာ အသုံးပြုမှုဖြစ်လာစေခြင်း၊ နိုင်ငံခြားသုံးငွေ လိုအပ်ချက် မြင့်မားလာစေခြင်းတို့အပြင် နိုင်ငံခြားငွေ လဲလှယ်နှုန်း (Exchange Rate) မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်ပါ၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့အစည်းများအနေဖြင့် မိမိလက်အောက်ခံအဖွဲ့အစည်းများ၊ ဆက်စပ်ဆောင်ရွက်လျက်ရှိသော အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းများ အဖွဲ့အစည်းများအတွင်း ပစ္စည်းများ ဝယ်ယူရောင်းချခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပေးချေခြင်း၊ ဈေးနှုန်းဖော်ပြခြင်း ကိစ္စရပ်များ တွင် ပြည်တွင်းသုံး ကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန်၊ မိမိလက်အောက်ခံ အဖွဲ့အစည်းများအား လိုအပ်သလို ထပ်ဆင့် ညွှန်ကြားပေးနိုင်ရန် အကြောင်းကြားခဲ့ပြီး ဖြစ်ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၂ အရ နောက်ဆက်တွဲထုတ်ပြန်ခဲ့သော ကင်းလွတ်ခွင့်ပြုသည့် ကိစ္စရပ်များမှ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြားငွေဖြင့် ရရှိသော ဝင်ငွေများကို မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ပေးပို့ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရောင်းချရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းတွင် သုံးစွဲ၊ ငွေပေးချေမှုများ ကို မြန်မာကျပ်ငွေဖြင့်သာ မဖြစ်မနေ သုံးစွဲရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

သို့သော် လက်ရှိအခြေအနေ တွင် ဟိုတယ်များ၊ စားသောက်ဆိုင်အချို့၊ ပြည်တွင်း၌လာရောက်ဖွင့်လှစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျောင်းများ၊ နိုင်ငံခြားသားများသို့ ပြည်တွင်းတွင် နေရာထိုင်ခင်း ငှားရမ်းမှုများ၊ အမှတ်တရပစ္စည်းဆိုင်များ စသည်တို့တွင် ကျပ်ငွေအစား နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဖြင့် ပေးချေ ဆောင်ရွက်နေသကဲ့သို့ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးအောက်ရှိ လုပ်ငန်းများ၊ အဖွဲ့အစည်းများကလည်း မိမိတို့ရရန်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုဝင်ငွေများ (ဥပမာ-မြေငှားရမ်းခြင်း၊ အာမခံလုပ်ငန်းများအတွက် မတည်ရင်းနှီးငွေထည့်ဝင်ခြင်း၊ ဖက်စပ်လုပ်ငန်းများမှ ရရှိငွေများ အစရှိသည့်) အား နိုင်ငံခြားငွေဖြင့်လက်ခံဆောင်ရွက်နေသည် ကို တွေ့ရှိရကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ ၁၂/၂၀၂၂ တို့အရ ပြည်တွင်း၌ ကျပ်ငွေဖြင့်သာ ပေးချေဆောင်ရွက်ရန် ကိစ္စနှင့် (သုံးစွဲပေးချေမှု များကို မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရေးအတွက် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ နေပြည်တော်ကောင်စီ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီများ အနေဖြင့် မိမိလက်အောက်ခံအဖွဲ့အစည်းများအား လိုအပ်သလို ထပ်ဆင့်ညွှန်ကြားပေးနိုင်ပါရန် နှင့် ထိုသို့ ညွှန်ကြားပြီးကြောင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ပြန်ကြားပေးပါရန် ညှိနှိုင်း မေတ္တာရပ်ခံအပ်ပါသည် ဟု ဖော်ပြပါရှိသည်။

အိမ်ခြံမြေ အကျိုးဆောင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “နိုင်ငံခြားသားတွေကို အိမ်ငှားတဲ့ အခါ ကျပ်ငွေ နဲ့ပဲ ငှားရမ်းရမယ်ဆိုတော့ အိမ်ငှားမယ့်နိုင်ငံခြားသားတွေက ကြိုက်ကြမှာပါ။ လတ်တလောမှာတော့ COVID ပထမလှိုင်းကတည်းက နိုင်ငံခြားသား အငှားဈေးကွက်က အေးစက်ခဲ့တာအခု အခုထိ အငှားဈေးကွက် အေးတုန်းပါပဲ’’ ဟု ဆင်ဟွာသို့ ယနေ့ မေ ၂၆ ရက်တွင်ပြောသည်။ (Xinhua)