Connect with us

Economy

မြစ်ကျဉ်းသုံးသွယ်ရေကာတာစီမံကိန်း တရားဝင်ပြီးပြည့်စုံ၍ အပြည့်အဝလည်ပတ်နိုင်ပြီဖြစ်ကြောင်း ကြေညာ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့ရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာမှ ရေများစီးထွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံရှိ မြစ်ကျဉ်းသုံးသွယ်ရေကာတာစီမံကိန်း တည်ဆောက်မှုသည် တရားဝင်ပြီးပြည့်စုံပြီဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် အမျိုးသား ဖွံဖြိုးမှုဝန်ကြီးဌာန နှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်က ကြေညာခဲ့ပြီး လိုအပ်သော ဒီဇိုင်းများအားလုံး အလုံးစုံကောင်းမွန်သော ဆောင်ရွက်ချက်ရှိကြောင်း၊ ရေကြီးရေလျှံထိန်းချုပ်မှု၊ လျှပ်စစ်ဓာတ်အားထုတ်ယူမှု၊ သင်္ဘောဖြင့် ကုန်စည်ပို့ဆောင်ခြင်းနှင့် ရေအရင်းအမြစ် အကျိုးရှိရှိအသုံးချမှု စသည့် အရေးပါသောအခန်းကဏ္ဍများ ဖြည့်စွမ်းပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါစီမံကိန်းသည် ယန်ဇီမြစ်ဝှမ်းတစ်လျှောက် ရေကြီးရေလျှံမှုထိန်းချုပ်ရေးအတွက် အဓိကကဏ္ဍများမှပါဝင်သည်။ လုပ်ငန်းစတင်ချိန်ကတည်းက ယခုနှစ် သြဂုတ်လတိုင်အောင် ရေကာတာသည် ရေကြီးရေလျှံရာသီအတွင်း ရေ ၁၈၀ ဘီလီယံ ကုဗမီတာ ထိန်းထားနိုင်ခဲ့ကြောင်း စာရင်းအင်းများက ဖော်ပြထားသည်။

၎င်းရေကာတာသည် ယန်ဇီမြစ်၏ အနိမ့်ဆုံးနှင့်အလယ်အလတ်ရောက်ရှိချိန်များတွင် ရေကြီးရေလျှံထိန်းချုပ်မှုကို မြင့်မားစွာ လျော့ကျစေခဲ့ပြီး ရေကြီးမှုအထွတ်အထိပ်ကို ၄၀ ရာခိုင်နှုန်းခန့်လျှော့ချပေးနိုင်ခဲ့သည်။၎င်းရေကာတာသည် အတိတ်ကာလက ဆိုးဆိုးရွားရွား ရေကြီးလေ့ရှိသည့် ယန်ဇီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည့် Jingjiang မြစ်တစ်လျှောက် အထူးအရေးပါလှသည်။

မြစ်ကျဉ်းသုံးသွယ်၏ ပိတ်ထားသည့်ရေတံခါးကို ရေကြောင်းသွားလာမှုများ စမ်းသပ်လုပ်ဆောင်ရန် ၂၀၀၃ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ချိန်မှစ၍ ဖြတ်သန်းသွားသည့် ကုန်တင်သင်္ဘောအရေအတွက်မှာ လျင်မြန်စွာတိုးမြင့်လျက်ရှိသည်။ ယခုနှစ် သြဂုတ်လအထိ ယင်းနေရာတစ်လျှောက် ဖြတ်သန်းသွားခဲ့သော ကုန်စည် တန်ပေါင်း ၁ ဒသမ ၄၈ ဘီလီယံကျော်ရှိခဲ့ပြီး ယန်ဇီမြစ် စီးပွားရေးရပ်ဝန်းနှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလျက်ရှိသည်။

၁၉၉၄ ခုနှစ်တွင် စတင်ခဲ့သည့် မြစ်ကျဉ်းသုံးသွယ်ရေကာတာစီမံကိန်း တည်ဆောက်မှုတွင် ဘက်စုံရေထိန်းချုပ်ရေးစနစ်တစ်ခုနှင့် အရှည် ၂,၃၀၉ မီတာ၊ အမြင့် ၁၈၅ မီတာရှိ ရေလှောင်တမံ တစ်ခု၊ မြောက်ဘက်နှင့်တောင်ဘက်တွင် အဆင့် ၅ ဆင့်ရှိသော သင်္ဘောအတင်အချပြုလုပ်ရန်ရေပြင်ညှိစနစ်နှင့် စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၂ ဒသမ ၅ သန်း ကီလိုဝပ် ထုတ်ယူနိုင်သည့် ရေအားလျှပ်စစ် ဂျင်နရေတာ ၃၄ လုံး ပါဝင်သည်။ကမ္ဘာ့အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့်အားလျော်စွာ သြဂုတ်လအထိ လျှပ်စစ်ဓာတ်အား နာရီပေါင်း ကီလိုဝပ် ၁ ဒသမ ၃၅ ထရီလီယံကျော် ထုတ်လုပ်ပေးလျက်ရှိပြီး တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အရှေ့ပိုင်းအပြင် တောင်ပိုင်း ကွမ်တုန်းပြည်နယ်တို့တွင် လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးလျက်ရှိသည်။
အဆိုပါ ရေကာတာသည် အဓိက သန့်ရှင်းသည့်စွမ်းအင် ထုတ်လုပ်ရေးအခြေခံတစ်ခုဖြစ်ပြီး စွမ်းအင်သုံးစွဲမှုမြှင့်တင်ရေးနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး အဖြစ်လည်း ဆောင်ရွက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.