Connect with us

Economy

၂၀၁၆ ခုနှစ်အတွင်း တရုတ်ပြည်သူ ၁၂.၄ သန်း ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ဟုဆို

တရုတ်နိုင်ငံ ဆင်းရဲမွဲတေမှု လျော့ပါးရေး လုပ်ငန်းစဉ် တိုးမြှင့်လုပ်ဆောင်ရန်အတွက် တရုတ် သမ္မတ ရှီကျင့်ဖိန် Desheng ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်နေခြင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ရည်မှန်းထားသည့်အတိုင်း ၂၀၁၆ ခုနှစ်အတွင်း ပြည်သူ ၁၂.၄ သန်းအား ဆင်းရဲတွင်းမှ ဆွဲတင်နိုင်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက် ထုတ်ပြန်လိုက်သည့် အစိုးရ အချက်အလက်များတွင် ဖော်ပြထားသည်။

“ယခုလို လုပ်ဆောင်နိုင်ခဲ့ခြင်းဟာ ယွမ် ၂၃၀ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၃၄.၃၃ ဘီလီယံ) ငွေပမာဏရှိတဲ့ ဘဏ္ဍာရေး အရင်းအမြစ် လျာထားခဲ့တဲ့အတိုင်း ဆောင်ရွက်ခဲ့တာကြောင့် ဖြစ်တယ်” ဟု တရုတ်နိုင်ငံ ဆင်းရဲမွဲတေမှု လျော့ပါးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရုံး ပြောရေးဆိုခွင့်ရှိသူ စူဂူရှောင်က ပြောကြားခဲ့သည်။

“ဒီလို လုပ်နိုင်ခဲ့ခြင်းအားဖြင့် နယ်မြေပေါင်း ၉၀၀ ကျော်မှ ဆင်းရဲသား ပြည်သူ သန်း ၃၀ ကျော်ကို အကျိုးပြုနိုင်ခဲ့တယ်” ဟု စူက ပြောခဲ့သည်။

ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်ဆောင်ရန် ချေးငွေ ယွမ် ၈၁၈.၁ ဘီလီယံ လိုအပ်ကြောင်း တရုတ်နိုင်ငံ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းက ထုတ်ပြန်ထားပြီး လက်ရှိတွင် ယွမ် ၂.၄၀ ထရီလီယံ ကြွေးတင်နေကြောင်း၊ အိမ်ခြေ ၈.၀၁ သန်းအား အသေးစား ချေးငွေ စုစုပေါင်း ယွမ် ၂၈၃.၃ ဘီလီယံ ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆင်းရဲမွဲတေမှုအား ကိုင်တွယ်ရန် ၂၀၁၇ ခုနှစ်အတွင်း ငွေကြေး အင်အား ထပ်မံ ဖြည့်တင်းကာ နှစ်စဉ် ရည်မှန်းထားသည့်အတိုင်း ပြည်သူ ၁၀ သန်းအား ဆင်းရဲမွဲတေမှု လျော့ချသွားမည် ဖြစ်ကြောင်း စူက ပြောသည်။

တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ဆင်းရဲမွဲတေမှု ကင်းစင်ရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်သည်။

အဆိုပါ ရည်မှန်းချက်အတိုင်း ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ နှစ်စဉ် လူဦးရေ ၁၀ သန်းအား ဆင်းရဲမွဲတေခြင်းမှ ဆွဲတင်သွားရမည် ဖြစ်သည်။

၂၀၁၆ ခုနှစ် နှစ်ကုန်အထိ တရုတ်နိုင်ငံတွင် ပြည်သူ ၄၅ သန်းမှာ လမ်းပန်းဆက်သွယ်ရေး၊ သန့်ရှင်းသော သောက်ရေသန့်နှင့် လျှပ်စစ်မီး မရရှိဘဲ နေထိုင်လျက်ရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.