Connect with us

Environment, Disasters & Accidents

တရုတ်-ကာဇက်စတန် နယ်စပ်တွင် ကုန်ရထား နှစ်စင်း တိုက်မိမှုကြောင့် နိုင်ငံတကာမှ ကုန်ရထားများ စောင့်ဆိုင်းနေရ

Alataw ရထား ဘူတာရုံရှိ ကုန်ရထားများအား တွေ့ရစဉ် (ဆင်ဟွာ)

ကာဇက်စတန်၊ မေ ၂၀ ရက် (ဆင်ဟွာ)

တရုတ်-ကာဇက်စတန် နယ်စပ်တွင်တွင် မေလ ၁၉ ရက်က ကုန်ရထား နှစ်စင်း တိုက်မိမှု ဖြစ်ပွားခဲ့ ပြီးနောက် တရုတ်နိုင်ငံ Xinjiang Uygur ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရှိ Alataw တောင်ကြားလမ်းတွင် နိုင်ငံတကာမှ ကုန်ရထား ငါးစင်း ရပ်တန့် စောင့်ဆိုင်းနေရကြောင်း သိရသည်။

တရုတ်-ကာဇက်စတန် နယ်စပ်တွင် မေလ ၁၉ ရက်က ကုန်ရထား နှစ်စင်း တိုက်မိကာ မီးလောင်ကျွမ်းခဲ့ပြီး ရထားတွဲ ၁၈ တွဲ လမ်းချော်ခဲ့ကာ ရထားလမ်း အရှည် ၁၅၀ မီတာ ပျက်စီးခဲ့ကြောင်းနှင့် သေဆုံးသူ မရှိကြောင်း သိရသည်။

Urumqi အကောက်ခွန် ဋ္ဌာန၏ ပြောကြားချက်အရ ရထားများ သယ်ဆောင်လာသည့် သံရိုင်းနှင့် ကျောက်မီးသွေး တန်ပေါင်းများစွာ လမ်းပေါ်သို့ တိမ်းမှောက် ခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံမှ ကာဇက်စတန် နိုင်ငံသို့ သွားရောက်မည့် ရထားလေးစင်းနှင့် တရုတ်နိုင်ငံမှ ပိုလန်နိုင်ငံသို့ သွားရောက်မည့် ရထားတစ်စင်း တို့သည် Alataw တောင်ကြားလမ်း၌ ရပ်တန့် စောင့်ဆိုင်းနေရပြီး အခြား ကုန်ရထားများသည် ခရီးစဉ် ဖျက်သိမ်း လိုက်ကြကြောင်း သိရသည်။

ကာဇက်စတန် အမျိုးသား ရထားလမ်း ကုမ္ပဏီမှ အလုပ်သမားများသည် အဆိုပါ နေရာအား ရှင်းလင်းခြင်းနှင့် ပျက်စီးသွားသည့် ရထားလမ်းများကို ပြုပြင်ခြင်းတို့ကို ပြုလုပ်လျက်ရှိကာ တရုတ် ရထားလမ်း အာဏာပိုင်များ ကလည်း ကာဇက်စတန် ဘက်မှ ဖိတ်ခေါ်မှုဖြင့် ကယ်ဆယ်ရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရန် ဝန်ထမ်းများ စေလွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)