Connect with us

Environment, Disasters & Accidents

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထောက်ပံ့ပစ္စည်း ဒေါ်လာ နှစ်သန်းခွဲကျော်ဖိုး တရုတ်နိုင်ငံက ပေးလှူ

သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အဖွင့်အမှာ စကား ပြောနေစဉ်။(ဆင်ဟွာ)

နေပြည်တော်၊ မတ် ၁ ရက် (ဆင်ဟွာ)

ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ဖွံ့ဖြိုးမှု နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC:_ National Development and Reform Commission) သည် အမေရိကန် ဒေါ်လာ နှစ်သန်းခွဲကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်း (စွမ်းအားမြင့် မီးဖိုများ၊ အိမ်သုံး ဆိုလာပြားများနှင့် ဆက်စပ် ပစ္စည်းများ) အား မြန်မာနိုင်ငံ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနသို့ ယနေ့နံနက်တွင် ပေးလှူခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများနှင့် ပတ်သက်ပြီး သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက “ယခု လှူဒါန်းတဲ့ စွမ်းအား မြင့် မီးဖို စုစုပေါင်း ၁၀၅၀၀ လုံးနဲ့ ဆိုလာပြား ၅၂၅၀ စုံကို မြန်မာနိုင်ငံ အလယ်ပိုင်း၊ အပူပိုင်းဒေသမှာရှိတဲ့ ကျေးလက် ပြည်သူများကို စနစ်တကျ ဖြန့်ဖြူးပေးအပ်သွားပါမယ်၊ အထူးသဖြင့် ဒေသခံ ပြည်သူ အစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းတွေမှာ စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေတဲ့ ကျေးရွာတွေ၊ ထင်းသုံးစွဲမှု လျှော့ချနိုင်ဖို့အတွက် စွမ်းအားမြင့် မီးဖိုတွေကို တန်ဖိုးထား အသုံးပြုနေတဲ့ ကျေးရွာတွေနဲ့ လျှပ်စစ်မီး မရရှိသေးတဲ့ ကျေးရွာ တွေကို ဦးစားပေး ဖြန့်ဝေသွားပါမယ်” ဟု နေပြည်တော် သယံဇာတနှင့် သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်း ရေး ဝန်ကြီးဌာနတွင် ယနေ့နံနက် ပြုလုပ်သည့် အဆိုပါ ထောက်ပံ့ ပစ္စည်း များ ပေးလှူပွဲ အခမ်းအနား၌ ပြောကြားခဲ့သည်။

ယခု အစီအစဉ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသား ဖွံ့ဖြိုးမှု နှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC) နှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့အကြား ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည့် “မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် ရာသီဥတု ပြုပြင် ပြောင်းလဲရေးအတွက် အထောက်အပံ့ ပစ္စည်းများ ပေးအပ်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာ” အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပေးလှူသည့် Field Dragon Biomass Clean Cookstove ကို အသုံးပြုခြင်းဖြင့် ထင်း လောင်စာ ကုန်ကျမှုကို လျေ့ာကျစေခြင်း၊ အချိန်ကုန် ငွေကုန် သက်သာခြင်း၊ သန့်ရှင်း သပ်ရပ်ခြင်း၊ ကာဗွန် ထုတ်လွှတ်မှု နည်းပါးသဖြင့် လေထု ညစ်ညမ်းမှုနှင့် မီးဘေး အန္တရာယ် များ ကင်းဝေး စေမည်ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Xie Zhenhua မိန့်ခွန်း ပြောကြားစဉ်။(ဆင်ဟွာ)

UN foundation GACC ၏ CEO Ms. Radha Muthiah မိန့်ခွန်း ပြောကြားစဉ်။(ဆင်ဟွာ)

ထောက်ပံ့ ပစ္စည်းများ လွှဲပြောင်းမှု မှတ်တမ်း လက်မှတ် ရေးထိုးကြစဉ်။(ဆင်ဟွာ)

ထောက်ပံ့ ပစ္စည်းများ လွှဲပြောင်း ပေးအပ်နေစဉ်(ဆင်ဟွာ)

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထောက်ပံ့ပစ္စည်း လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ထင်းလောင်စာ သုံးစွဲမှုနှင့် စပ်လျဉ်းပြီး “တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျေးလက်နဲ့ မြို့ပြနေ ပြည်သူ အများစုအတွက် ထင်းလိုအပ်ချက်က နှစ်စဉ် ကုဗတန် ၁၈ သန်းခန့် ရှိပါတယ်၊ ကျေးလက်နဲ့ မြို့ပြနေ ပြည်သူများ ထင်း၊ မီးသွေး သုံးစွဲမှုဟာ စုစုပေါင်း စွမ်းအင် သုံးစွဲမှု ပမာဏရဲ့ ၈၁ ရာခိုင်နှုန်းအထိ ရှိပါတယ်၊ ကျေးလက်က အိမ်ထောင်စု တစ်စုဟာ တစ်နှစ်ကို ထင်း ၂ ဒသမ ၅ ကုဗတန် အသုံးပြုပြီး မြို ပြနေ ပြည်သူတွေက ၁ ဒသမ ၄ ကုဗတန် သုံးကြပါတယ်”ဟု ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

ထို့အပြင် ၎င်းက “ထင်းသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် စွမ်းအားမြင့် မီးဖို ဖြန့်ချိရေး လုပ်ငန်း တွေကို မိမိတို့ဌာန အစီအစဉ်ဖြင့်လည်းကောင်း၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် လည်းကောင်း ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်၊ ၁၉၉၇ – ၉၈ ခုနှစ်မှ ယနေ့အထိ စွမ်းအားမြင့် မီးဖို လုံးရေ ငါးသိန်း ဖြန့်ဝေနိုင်ခဲ့ပြီး ဖြစ်ပါတယ်၊ ၂၀၁၆ ခုနှစ်မှ ၂၀၃၀ ခုနှစ် အတွင်းမှာ မီးဖို အလုံးရေ ၂၆၀၀၀၀ ဖြန့်ဝေသွားဖို့ ရည်မှန်းထားပါတယ်” ဟုလည်း ပြောခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရာသီဥတု ပြောင်းလဲရေးဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Xie Zhenhua က “မြန်မာနိုင်ငံရှိ ကျေးလက် ပြည်သူများအတွက် သန့်စင်တဲ့ စွမ်းအင်ကို ထောက်ပံ့ပေးနိုင်ပြီး သူတို့ရဲ့ နေထိုင်မှု လိုအပ်ချက်တွေကို ဖြည့်စွက်ပေးနိုင်ပါလိမ့်မယ်၊ ဒါ့အပြင် မြန်မာနိုင်ငံ အပါအဝင် တစ်ကမ္ဘာလုံး ပူနွေးလာမှု လျှော့ချရေးအတွက်လည်း အထောက်အကူ ဖြစ်ပါတယ်၊ ဒါဟာ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ စိန်ခေါ်မှုကို တရုတ် – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး အောင်မြင်စွာ ဆန်းစစ်နိုင်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်၊ တရုတ်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်တဲ့ အလျောက် ဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ အကျိုးတူ ပူးပေါင်းတဲ့ မူဝါဒကို အခြေခံပြီး ရာသီဥတု ပြောင်းလဲခြင်းကို ရင်ဆိုင်ရန်နှင့် စဉ်ဆက် မပြတ် ဖွံ့ဖြိုး တိုးတက်ရန် ကြိုးပမ်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ NDRC မှ ကိုယ်စားလှယ်များ၊ UNICEF အပါအဝင် အခြား ဆက်စပ် NGOs များမှ ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ် ဝန်ကြီးဌာနများမှ အရာရှိကြီးများ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရာသီဥတု ပြောင်းလဲရေး ဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Xie Zhenhua နှင့် UN foumdation GACC ၏ CEO Ms. Radha Muthiah တို့က မိန့်ခွန်းများ အသီးသီး ပြောကြားအပြီး တွင် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထောက်ပံ့ ပစ္စည်းများအား လွှဲပြောင်း ပေးအပ်သည့် မှတ်တမ်း လက်မှတ်ထိုးခြင်းများကို ဆောင်ရွက်ခဲ့ ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.