Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြောက်ကိုးရီးယား အလုပ်သမားပါတီ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်း ခံရသော ကင်ဂျုံအန်းအား ဂုဏ်ပြုစကားဆို

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်း အလုပ်သမားပါတီ ညီလာခံတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ် ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က မြောက်ကိုးရီးယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသော မြောက်ကိုးရီးယား နိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန်းအား ဂုဏ်ယူကြောင်း မေ ၉ ရက်တွင် ဝမ်းမြောက်စကား ဆိုခဲ့သည်။

ကင်ဂျုံအန်း အရွေးချယ်ခံရခြင်းနှင့် ပတ်သက်ပြီး တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စားရော ၊ မိမိတစ်ဦးချင်း အနေဖြင့်ပါ ဝမ်းမြောက် ဂုဏ်ယူကြောင်း သမ္မတရှှီက ဆိုသည်။ ထို့ပြင် ကင်၏ ဦးဆောင်မှုဖြင့် အလုပ်သမား ပါတီသည် ဆိုရှယ်လစ် လူ့အဖွဲ့အစည်းကို အလုံးစုံ ပြီးမြောက်အောင် တည်ဆောက် နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရှီက ပြောကြားသည်။

တရုတ် နှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံကြားသည် ရှေ့ယခင် နှစ်ဖက်ခေါင်းဆောင် အဆက်ဆက်ကပင် အလေးထား ဆက်ဆံလာခဲ့ ကြကြောင်း ၊ ပုဂ္ဂိုလ်ရေးအရ အားပေး ထောက်ခံမှုများ ရှိခဲ့ကြောင်းနှင့် အစဉ်အလာ မိတ်ဖက်များ ဖြစ်နေခြင်းသည် နှစ်ဖက်စလုံးအတွက် တန်ဖိုးရှိကြောင်း တရုတ် နိုင်ငံ သမ္မတက ဆိုသည်။

ထို့ပြင် သမ္မတရှီက တရုတ်နှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာစေရေးမှာ တရုတ်ကွန်မြူနစ် ပါတီရော၊ တရုတ်အစိုးရ အတွက်ပါ အလွန် အရေးပါကြောင်း အသိပေး ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် မြောက်ကိုးရီးယား အလုပ်သမားပါတီ နှင့် နှစ်ဖက်စလုံး အတွက် အကျိုးအမြတ် ဖြစ်ထွန်းစေမည့် ဆက်ဆံမှုမျိုး တိုးမြှင့်သွားရန်၊ နှစ်နိုင်ငံ ပြည်သူများ အကြား ဆက်ဆံရေး တိုးတက်အောင် ပြုလုပ်သွားရန် ၊ ဒေသတွင်း လုံခြုံရေး ၊ တည်ငြိမ်ရေး ၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အပြုသဘောဆောင်သည့် ပူးပေါင်း လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဟု သမ္မတရှီက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)