Connect with us

Politics, Law & Military

တရုတ်- အာဆီယံ ဆက်ဆံရေး၊ တရုတ်နှင့် အင်ဒိုနီးရှား ဆက်ဆံရေးခိုင်မာမှုရှိစေရေး တရုတ် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ယာ) နှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီတို့အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ပဲရစ်၊ ဇွန် ၄ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ (Retno Marsudi) တို့သည် ဇွန်လ ၃ ရက်က ပဲရစ်မြို့၌ ပြုလုပ်သည့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လှုပ်ရှားမှု ဝန်ကြီးအဆင့် ဆွေးနွေးပွဲသို့ ရောက်ရှိနေစဉ်အတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားသည် ဒေသတွင်း လွှမ်းမိုးမှုရှိသော နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်၏ အရေးပါသော အိမ်နီးချင်းလည်း ဖြစ်ကြောင်း ဝမ်က ပြောကြားခဲ့သည်။တရုတ်- အင်ဒိုနီးရှား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး၏ နက်ရှိုင်းမှုနှင့် တိုးတက်မှုသည် ဒေသဆိုင်ရာ ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးနှင့် တရုတ်- အာဆီယံ ဆက်ဆံရေး တိုးတက်မှုအတွက် အထောက်အကူ ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက အလေးထား ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး စီမံကိန်းနှင့် အင်ဒိုနီးရှားနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်ရေကြောင်း ဗဟိုချက် မဟာဗျူဟာတို့ ပူးပေါင်းခြင်း၊ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ဆက်လက်ဖော်ဆောင်ပေးနိုင်ခြင်း၊ အစရှိသဖြင့် နယ်ပယ်စုံ၌ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ဝမ်က ဖြည့်စွက် ပြောကြားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုကလည်း တရုတ်သည် အင်ဒိုးနီးရှား၏ အရေးပါသော မိတ်ဖက် နိုင်ငံ ဖြစ်ပြီး စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများမှာလည်း လျင်မြန်စွာ တိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ အလားတူ တရုတ်နှင့် အာဆီယံအကြား ပူးပေါင်းဆက်ဆံရေးသည်လည်း အောင်မြင်မှု အသီးအပွင့်များ ပြည့်ဝလျက်ရှိသည်ဟု ဆိုသည်။

ဒါ့အပြင် တရုတ်နှင့် ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးစေရေးကို အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက အလေးထားကြောင်း ရတ်နိုက ပြောကြားခဲ့ပြီး တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်သွားရန် အင်ဒိုနီးရှားနိုင်ငံက ဆန္ဒရှိကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ (Xinhua)