Connect with us

Politics, Law & Military

တရုတ်-အိန္ဒိယ ဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် သမ္မတရှီ နှင့် ဝန်ကြီးချုပ်မိုဒီ တွေ့ဆုံဆွေးနွေးမှုက ဖော်ဆောင်ပေး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

ချင်းနိုင်၊အိန္ဒိယ၊အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နာရနြ္ဒာမိုဒီ တို့သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း ချင်းနိုင်မြို့၌ အောက်တိုဘာ ၁၁ ရက် နှင့် ၁၂ ရက် တို့တွင် ဒုတိယအကြိမ်မြောက် အလွတ်သဘောတွေ့ဆုံပြီး အနာဂတ်ကာလ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖြစ်ထွန်းစေရန် ဆေွးနွေးခဲ့ကြကြောင်းသိရသည်။

၎င်းတို့သည် စီးပွားရေး အဓိက အင်အားကြီးနိုင်ငံများအဖြစ် ပေါ်ထွက်လာနေသည့်အပြင် ကမာ္ဘပေါ်တွင် လူဉီးရေ သန်း တစ်ထောင်ကျော်ပိုင်ဆိုင်ထားသော နိုင်ငံ နှစ်နိုင်ငံသာရှိသည့် တရုတ် နှင့် အိန္ဒိယ နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကြီးမားသော အလားအလာကောင်းများ ရှိနေသည်။

အဆိုပါ တိုင်းပြည် နှစ်ခုအနေဖြင့် ၎င်းတို့သက်ဆိုင်ရာနိုင်ငံ၏ ရည်မှန်းချက်ပန်းတိုင်ကို သွေးသစ်လောင်းဖော်ဆောင်ရန် အခွင့်အလမ်းသစ်များရှိသလို ရာစုနှစ်တစ်ခုအတွင်း ကမာ္ဘကြီး၌ ကြိုတင်မသိနိုင်သော အပြောင်းအလဲများကို ရင်ဆိုင်နေကြရပြန်သည်။ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်မှုနှင့် တိုးတက်ကောင်းမွန်မှုသည် တရုတ် နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးအတွက် ကောင်းကျိုးများ ရရှိစေမျှရုံသာမက ကမာ္ဘ့စီးပွားရေးတိုးတက်ကောင်းမွန်မှု နှင့် တည်ငြိမ်မှုကိုလည်း တွန်းအားပေး ကူညီခြင်းပင်ဖြစ်သည်။

ပြီးခဲ့သော နှစ်က တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့(Wuhan) ၌ ပထမအကြိမ်အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုအတွင်း ရှီ နှင့် မိုဒီအကြားရရှိခဲ့သော သဘောတူညီချက်များအရ တရုတ် နှင့် အိန္ဒိယ နိုင်ငံတို့သည် နယ်ပယ်ကဏ္ဍစုံတွင် လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခဲ့ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့ကြသည်။

ချင်းနိုင်မြို့၌ ပေါ့ပေါ့ပါးပါး နှင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးမှုတစ်ခုတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည် ကမာ္ဘ နှင့် ဒေသတွင်း အတွက် အလွန်အရေးကြီးသော ပြဿနာရပ်များကို နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

နှစ်နိုင်ငံအကြား နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုက အရေးပါသော တိုးတက်ဖြစ်ထွန်းမှုကို ဖော်ဆောင်ပေးခဲ့သည်။တရုတ်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အကြီးဆုံးကုန်သွယ်မှုမိတ်ဖက်နိုင်ငံအဖြစ် ကာလရှည်ကြာစွာ ကတည်းက တည်ရှိခဲ့သလို အိန္ဒိယနိုင်ငံသည် တောင်အာရှဒေသတွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်နိုင်ငံ ဖြစ်ခဲ့သည်။

နှစ်ဖက် ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထိရောက်ရှိခဲ့ကြောင်း နှင့် တရုတ်ကုမ္ပဏီပေါင်း ၁,၀၀၀ ကျော်သည် အိန္ဒိယနိုင်ငံ၌ e-စီးပွားရေး နှင့် စက်မှုကုန်ထုတ်လုပ်ငန်းတွင် တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဘီလီယံ နှင့် ဒေသခံများအတွက် အလုပ်အကိုင်ပေါင်း ၂၀၀,၀၀၀ ထိဖန်တီးပေးနိုင်ခဲ့သည်။

နှစ်ပေါင်းထောင်ချီ သမိုင်းကြောင်းနှင့်အတူ ရှေးပဝေသဏီကတည်းက တည်ရှိခဲ့သော လူမှုအသိုင်းအဝိုင်း နှစ်ခုဖြစ်သည့် တရုတ် နှင့် အိန္ဒိယ နိုင်ငံတို့သည် အတူတကွနီးကပ်စွာဖြင့် ရှေ့ကို ဆက်လက်ချီတက်လျက်ရှိသည်။ ယောဂ လေ့ကျင့်ခန်း ပြုလုပ်ခြင်း နှင့် ဘောလီးဝုဒ်ရုပ်ရှင်ကြည့်ခြင်း ကဲ့သို့ အလေ့အထများသည်တရုတ်လူငယ်များအကြား  ခေတ်စားလာသော ဘဝနေထိုင်မှုပုံစံဖြစ်လာနေသည်။ တရုတ်ရိုးရာ အပ်စိုက်ကုထုံး ဖြင့် ဆေးကုသခြင်း ၊ တရုတ်ဟင်းလျာကို စားသောက်ခြင်း နှင့် တရုတ် ကိုယ်ခံပညာရပ်များကို လေ့လာခြင်း တို့ကို စိတ်ပါဝင်စားသည့် အိန္ဒိယနိုင်ငံသားအရေအတွက်မှာလည်း တိုးတက်လျက်ရှိသည်။

လာမည့် ၂၀၂၀ ပြည့်နှစ်သည် တရုတ်-အိန္ဒိယ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့်အခါသမယဖြစ်သည်။ နှစ်နိုင်ငံခေါင်းဆောင်အနေဖြင့် ၎င်းတို့အစည်းအဝေးအပေါ် အလေးအနက်ထားသကဲ့သို့ နှစ်ဖက်အစိုးအနေဖြင့် လာမည့် နှစ်ပတ်လည်ကာလကို အခွင့်အလမ်းကောင်းအဖြစ် ဆုတ်ကိုင်ပြီး ယဉ်ကျေးမှုကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် နှင့် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းသွားရမှာဖြစ်သလို နှစ်ဖက်ပြည်သူများအကြား အပြန်အလှန်ဖလှယ်မှု ကို ဖော်ဆောင်သွားရမည်ဖြစ်သည်။

တရုတ်-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးသည် ယခုအခါ အဆင့်သစ်တစ်ခုထဲသို့ထိုးဖောက်ဝင်ရောက်ခဲ့ပြီးဖြစ်သည်။ နှစ်ဖက်စလုံးအနေဖြင့် မဟာဗျူဟာမြောက်ချိတ်ဆက်ဆောင်ရွက်မှုကို တွန်းအားပေးရန် နှင့် ထိလွယ်ရှလွယ်သောအရေးကိစ္စရပ်များ နှင့် ၎င်းတို့၏ ကာကွယ်ရေးကိစ္စရပ်များကို သင့်တင်လျောက်ပတ်စွာကိုင်တွယ်ပြီး နှစ်ဖက်အပြန်အလှန်ယုံကြည်မှု တည်ဆောင်သွားရမည်ဖြစ်သည်။ 

ချင်းနိုင်မြို့၌တွေ့ဆုံဆွေးနွေးစဉ် သမ္မတရှီက မိုဒီအား နဂါးအက နှင့် ဆင်အက ယှဉ်တွဲဖျော်ဖြေတင်ဆက်မှုမြင်ကွင်းတစ်ခုသည် တရုတ်-အိန္ဒိယ နှစ်နိုင်ငံအတွက် ရှေ့ဆက်ချီတက်ရန် အသင့်မြတ်မှန်ကန်ဆုံး လမ်းကြောင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းမှာ တရုတ်-အိန္ဒိယ နှစ်ဖက်ပြည်သူ့အကျိုးစီးပွားအတွက် အခြေခံအကျဆုံးလည်း ဖြစ်သလို တစ်ကမာ္ဘလုံးအတွက် အကျိုးစီးပွားဖော်ဆောင်ပေးခြင်းပင်ဖြစ်ကြောင်း ၎င်းကဆိုသည်။(Xinhua)