Connect with us

Politics, Law & Military

အမိမြေ တရုတ်နှင့် ဟောင်ကောင်အကြား စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်သစ်များ ချုပ်ဆို

CEPA ၏ ကုန်သွယ်မှုလုပ်ငန်း သဘောတူစာချုပ် အမိမြေ တရုတ်နိုင်ငံနှင့် ဟောင်ကောင်တို့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်က လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဟောင်ကောင်တို့သည် စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် နှစ်ခုကို ဇွန်လ ၂၈ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘောတူညီမှု စာချုပ်များအား အမိမြေနှင့် ဟောင်ကောင် စီးပွားရေး နီးကပ်စွာ မိတ်ဖက်ဆက်ဆံရေး စီမံခန့်ခွဲမှု (CEPA) ၏ မူဘောင်အောက်တွင် တရုတ်နိုင်ငံ စီးပွားရေး ဝန်ကြီးဋ္ဌာနနှင့် ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရတို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

ထို သဘောတူညီချက် နှစ်ခုသည် CEPA တွင် ပါဝင်သည့် အချက်များအား အဆင့်မြှင့်တင်ရန်အရေးပါသလို ဟောင်ကောင်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကာလရှည် ကြွယ်ဝချမ်းသာမှုနှင့် တည်ငြိမ်အေးချမ်းရေး အတွက် အလေးအနက်ထားခြင်းလည်း ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေး ဒုတိယ ဝန်ကြီး Gao Yan က လက်မှတ်ရေးထိုးခြင်း အခမ်းအနား၌ ပြောကြားခဲ့သည်။

ဟောင်ကောင် အထူး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစိုးရ ဘဏ္ဍာရေး အတွင်းရေးမှူး ပေါလ်ချန်က ယခုနှစ်သည် အမိမြေ အုပ်ချုပ်မှု လက်အောက်သို့ ဟောင်ကောင် ပြန်လည် ရောက်ရှိလာမှု နှစ် ၂၀ ပြည့်မြောက်သည့် နှစ်ပတ်လည်နေ့ ဖြစ်ကြောင်း၊ CEPA ဖြင့် စီးပွားရေး အကျိုးအမြတ်ကြီးများ ယူဆောင်ကာ တစ်နိုင်ငံ၊ “စနစ် နှစ်ခု” မူဝါဒကို အောင်မြင်စွာ အကောင်အထည်ဖော်မှုကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ကြောင်း၊ ဖြည့်စွက် အကျိုးကျေးဇူးများအပေါ် အခြေခံကာ ဟောင်ကောင်နှင့် အမိမြေ တရုတ်နိုင်ငံတို့က နှစ်ဦးနှစ်ဘက် ရလဒ်ကို ရယူနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူစာချုပ် နှစ်ခုသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် အသက်ဝင်လာမည် ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်အရ အမိမြေ တရုတ်နိုင်ငံသည် ဟောင်ကောင်အတွက် ကူညီထောက်ပံ့မှုများ ပေးရန် ကတိပြုထားကြောင်း၊ ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ဟောင်ကောင် ပါဝင်လာရေးအတွက် တရုတ်နိုင်ငံက ထောက်ပံ့သွားမည် ဖြစ်ကြောင်း သိရသည်။

CEPA ကို ၂၀၀၃ ခုနှစ် ဇွန်လတွင် လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် အာရှ ငွေကြေး ဂယက် ဖြစ်ပြီး နောက်ပိုင်း စီးပွားရေး ကျဆင်းမှုနှင့် ၂၀၀၃ တွင် SARS ရောဂါဆိုးဖြစ်ပွားရမှုမှ ဟောင်ကောင်က ပြန်လည် ထူထောင်ရာတွင် CEPA က ကူညီပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.