Connect with us

Politics, Law & Military

အမေရိကန်၏ ရှင်းကျန်းဥပဒေပြဌာန်းချက်အပေါ် နိုင်ငံများစွာက ဆန့်ကျင်ရှုတ်ချ

တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူများအားတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံက ပြင်းထန်စွာကန့်ကွက်နေသည့် “ ဝေဂါလူ့အခွင့်အရေးမူဝါဒအက်ဥပဒေ ၂၀၁၉” ဟူ၍ အမည်ပေးထားသော  ဥပဒေတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုပြဌာန်းလိုက်ခြင်းအပေါ် ကမ္ဘာ့နိုင်ငံများ နှင့် ကျွမ်းကျင်ပညာရှင်များစွာက ဆန့်ကျင်ရှုတ်ချလိုက်သည်။

၎င်းတို့က အမေရိကန်သည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေကြောင်း ၊ ရှင်းကျန်းဒေသ လူ့အခွင့်အရေးအခြေအနေကို နာမည်ပျက်အောင်ပုံဖော်နေခြင်းဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ အကြမ်းဖက်မှု နှင့် အစွန်းရောက် တိုက်ဖျက်ရေးကို အသရေဖျက်နေခြင်းဖြစ်ကြောင်း နှင့် အမေရိကန်သည် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးတွင် စံနှုန်း ၂ မျိုးထား လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အောက်လွှတ်တော်တွင် ပြဌာန်းလိုက်သော ရှင်းကျန်းနှင့်ဆက်စပ်သော ဥပဒေသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း နှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ခြင်းဖြစ်ကြောင်း ကြေညာချက်တစ်စောင်ထုတ်ပြန်၍ ပြစ်တင်ရှုတ်ချလိုက်သည်။

တရုတ်နိုင်ငံအစိုးရသည် အကြမ်းဖက်ဝါဒီ ၊ အစွန်းရောက်ဝါဒီ နှင့် ခွဲထွက်ဝါဒီ များအား နှိမ်နင်းရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း နှင့် နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စရပ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏အချုပ်အခြာအာဏာကို ထိန်းသိမ်းရန် ၊ ပိုင်နက်နယ်မြေခိုင်မာအောင်တည်ဆောက်ရန် နှင့် အမျိုးသားလုံခြုံရေးကို ဆောင်ရွက်ရန် အခွင့်အရေးအပြည့်အဝရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံများ၏ ပြည်တွင်းရေးကို ရှုပ်ထွေးအောင် ဝင်ရောက်လုပ်ကိုင်မှုသည် အမေရိကန်နိုင်ငံ၏ ပုံမှန်အလေ့အကျင့်တစ်ခုလို ဖြစ်လာနေပြီး ယင်းတို့တွင် ဌာနေအမေရိကန်လူမျိုးများအား သုတ်သင်ခြင်း ၊ အာဖရိကန်လူမျိုးများအား ကျွန်ပြုခြင်း နှင့် အာဖဂန် ၊ အီရတ် ၊ ဆီးရီးယား ၊ လစ်ဗျား ၊ ယီမင် နှင့် အခြားသော နိုင်ငံများတွင် အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးအောင် လုပ်ဆောင်ခြင်းများ ကဲ့သို့သော သမိုင်းကြောင်းတစ်ခုရှိခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန်နိုင်ငံသည် လူ့အခွင့်အရေးအကြောင်းပြောရန် နှင့်  အခြားနိုင်ငံများ၏ တိုင်းရင်းသားရေးရာကိစ္စရပ်များအပါအဝင် လူမျိုးရေးကိစ္စရပ်များကို ဝင်ရောက် ပြောဆိုရန် အရည်အချင်းမပြည့်မီကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တရုတ်အရေးကျွမ်းကျင်သူ ပြင်သစ်ပညာရှင် အမျိုးသမီးတစ်ဦးဖြစ်သည့် Sonia Bressler သည် ရှင်းကျန်းဒေသကို အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့သည်။၎င်းက ရှင်းကျန်းသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဟန်ချက်ညီစွာ အတူတကွနေထိုင်သော ဒေသတစ်ခုဖြစ်ကြောင်း ထင်မြင်ချက်ပေးခဲ့သည်။

ထို့ပြင် ရှင်းကျန်းနှင့်ဆက်စပ်သော ဥပဒေသည် ပြည်သူလူထုအကြား အထင်အမြင်လွဲမှားစေရန် “ လူ့အခွင့်အရေး”စကားလုံးကို အသုံးချလုပ်ဆောင်သည့် အမေရိကန်အစိုးရ၏ ဆိုးရွားသော ဗိုလ်ကျစိုးမိုးမှု အမူအကျင့်ကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။နိုင်ငံတကာရေးရာ အီဂျစ်အမျိုးသားကောင်စီညွှန်ကြားရေးမှူး Ezzat Saad က ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့တော်ဝူလူမူချီ (Urumqi) မြို့သို့ လွန်ခဲ့သော ၂ နှစ်ခန့်က သွားရောက်လည်ပတ်ခဲ့ဖူးကြောင်း ၊ ရှင်းကျန်းဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် လူမှုရေးဖြစ်ပေါ်တိုးတက်မှု များသည် ၎င်း၏ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး နှင့် အစွန်းရောက်ဝါဒဆန့်ကျင်ရေး လုပ်ငန်းဆောင်တာများအပေါ်တွင် နီးကပ်စွာ ပတ်သက်ဆက်နွယ်မှုရှိကြောင်း ပြောကြားခဲ့သည်။

ရှင်းကျန်းအရေးနှင့်ပတ်သက်၍ မည်သည့်နိုင်ငံကမျှဝင်ရောက်စွက်ဖက်ရန် အခွင့်အရေးမရှိကြောင်း ၊ ယင်းမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ကြောင်း ၎င်းက ဆိုသည်။ အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ရှုပ်ထွေးအောင် ဝင်ရောက်စွက်ဖက်ရန် လူ့အခွင့်အရေးစကားလုံးကို အသုံးပြု၍ လိမ်စဉ်တစ်ခုသာ ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ဂျကာတာမြို့အခြေစိုက် Nanyaung ASEAN ဖောင်ဒေးရှင်းအဖွဲ့ဥက္ကဌ နှင့် အင်ဒိုနီးရှားနိုင်ငံပညာရှင်တစ်ဦး ဖြစ်သူ Bambang Suryono က အမေရိကန်အောက်လွှတ်တော်က ပြဌာန်းခဲ့သည့် ရှင်းကျန်းနှင့်ပတ်သက်သော ဉပဒေသည် အချက်အလက်အဖြစ်မှန်ကို လျစ်လျူရှုထားကြောင်း နှင့် အမှားနှင့်အမှန်ရှုပ်ထွေးအောင် ပြောင်းပြန်လုပ်ဆောင်ခြင်းသည် ဗိုလ်ကျစိုးမိုးမှု နှင့် ဝင်ရောက်စွက်ဖက်မှုဝါဒ ကို ပေါ်လွင်ထင်ရှားစေသည့် သာဓကတစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အကျိုးသက်ရောက်မှုကောင်းမွန်သော မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် ရှင်းကျန်းဒေသ အရှိန်အဟုန်မြင့်ဖွံ့ဖြိုးတိုးတက်ရန် နှင့် ရေရှည် တည်ငြိမ်အေးချမ်းစေရန် တရုတ်နိုင်ငံအစိုးရက အလေးထားဆောင်ရွက်ခြင်းဖြစ်ရာ အခြားနိုင်ငံများအတွက် စံယူထိုက်သော အတွေးခေါ်ကောင်းကို ဖန်တီးခြင်း ဖြစ်ကြောင်း Suryono က ဆိုသည်။(Xinhua)