Connect with us

Politics, Law & Military

အမေရိကန်နှင့် ဥရောပသမဂ္ဂ နိုင်ငံအချို့ လူ့အခွင့်အရေးချိုးဖောက်မှုကို တုန်လှုပ်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်အကောက်ခွန်ဆိုင်ရာအာဏာပိုင်အဖွဲ့ (ICE)တွင် ၂၀၁၉ခုနှစ် သြဂုတ်၅ ရက်က ဆန္ဒပြပွဲ ပြုလုပ်စဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံအချို့ လူ့အခွင့်အရေးချိုးဖောက်မှုကို စိုးရိမ်တုန်လှုပ်ပူပန်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က ဒီဇင်ဘာ ၉ ရက် ကပြောကြားခဲ့ကြောင်း သိရသည်။

ယခုကာလများတွင် ကုလသမဂ စသည့် အဖွဲ့အစည်းများက အစီရင်ခံစာနှင့် သုံးသပ်ချက်များ ထုတ်ပြန်ရာတွင် အမေရိကန်နှင့် ဥရောပသမဂ နိုင်ငံအချို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသည့်ပြောဆိုမှုများ ရှိကြောင်း ၊ ၎င်းတွင် ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ်များကို တရားမဝင်ထိန်းသိမ်းခြင်း ကလေးသူငယ် အခွင့်အရေးကို အကြိမ်ပေါင်းများစွာ ချိုးဖောက်မှုခြင်းများ ပါဝင်ကြောင်းနှင့် ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သုံးသပ်ပါသနည်း ဟု ဒီဇင်ဘာ ၉ ရက်က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများက မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုမေးမြန်းချက်အပေါ် ဟွာချွန်းရင်က တရုတ်နိုင်ငံအနေဖြင့် ကုလသမဂ၏သက်ဆိုင်ရာ အစီရင်ခံစာနှင့်သုံးသပ်ချက်များကို အထူးအလေးထားဂရုစိုက်လျက်ရှိရာ အမေရိကန်နှင့် ဥရောပသမဂ နိုင်ငံအချို့၏ လူ့အခွင့်အရေး ချိုးဖောက်မှုကို စိုးရိမ်တုန်လှုပ်ပူပန်မိကြောင်း ၊ ယခုကာလများတွင် အမေရိကန်နှင့် ဥရောပသမဂ နိုင်ငံအချို့၏ လူ့အခွင့်အရေးအခြေအနေမှာ နေ့စဉ်နှင့်အမျှဆိုးဝါးလျက်ရှိရာ ဆင်းရဲချမ်းသာကွာဟချက်၊ လူမျိုးရေးခွဲခြားဆက်ဆံမှု၊ ဖယ်ကျဉ်မှုများ ပိုမိုဆိုးဝါးလာကြောင်း ၊ အမေရိကန်တွင် သောင်းနှင့်ချီသော ရွှေ့ပြောင်းနေထိုင်သူ ကလေးငယ်များ အတင်းအဓမ္မထိန်းသိမ်းခံနေရသေးသလို ၊ ကလေးမိဘခွဲခြားထားသည့် မူဝါဒများကြောင့် ကြေကွဲဝမ်းနည်းဖွယ်ဖြစ်ရပ်များ အမြော်ကအမြား ဖြစ်ပွားခဲ့ပြီဖြစ်ကြောင်း ၊ ကုလသမဂလူ့အခွင့်အရေး ဆိုင်ရာ အဆင့်မြင့် ပညာရှင်များ ပြောသကဲ့သို့ပင် အမေရိကန်က ရွှေ့ပြောင်းနေထိုင်သူကလေးငယ်များကို ထိန်းသိမ်းထားခြင်းသည်  နိုင်ငံတကာ ဥပဒေတွင် တားမြစ်ထားသည့် ရက်စက်၍လူသားမဆန်ခြင်း သို့မဟုတ် လူ့ကျင့်ဝတ်ကို ဖောက်ဖျက်သည့် ဆက်ဆံမှုဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။ 

လူအခွင့်အရေးကို ကာကွယ်သည်ဟု ဆိုရာတွင် ပါးစပ်အပြောမျိုးသာ မဖြစ်သင့်၊ အခြားနိုင်ငံ၏ပြည်တွင်းရေးကို စွက်ဖက်သည့် အကြောင်းပြချက်ပို၍ပင်မဖြစ်သင့် ၊ လက်တွေ့တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခြင်းသာဖြစ်သင့်ကြောင်း၊ ဒီဇင်ဘာ ၁၀ ရက်သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ရာ အမေရိကန်အနေဖြင့် လူ့အခွင့်အရေးကတိစကားကို အကောင်အထည်ဖော်ကာ လူထုအထူးသဖြင့် အားနည်းသည့်လူစု၏ အခြေခံအခွင့်အရေးများကို ထိရောက်သည့်ကာကွယ်မှုပေးပြီး မိမိနိုင်ငံ နှင့် နိုင်ငံတကာ လူ့အခွင့်အရေးလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးအောင် အမှန်လက်တွေ့ဖော်ဆောင်ရမည်ဖြစ်ကြောင်း ဟွာချွန်းရင်က ပြောကြားခဲ့သည်။ (Xinhua)