Connect with us

Politics, Law & Military

(#B&R) တရုတ်နိုင်ငံက အဆိုပြုလာသော ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုက ကမ္ဘာကြီးကို ဘယ်လို ပိုမိုချောမွေ့စွာ ချိတ်ဆက်ပေးမလဲ

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ဆွစ်ဇာလန်နိုင်ငံ Davos မြို့ ၌ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်တွင် ပြုလုပ်သော ကမ္ဘာ့ စီးပွားရေးဖိုရမ်တွင် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းမြို့၌ မေလ ၁၄ ရက် မှ ၁၅ ရက်အထိ ကျင်းပခဲ့သော ခေတ်သစ်ပိုးလမ်းကြီးနှီးနှောဖလှယ်ပွဲသည် အဆင့်မြင့်ခေါင်းဆောင်များ တက်ရောက်သည့် အခမ်းအနားတစ်ခုဖြစ်သလို ကမ္ဘာတစ်ဝန်းလုံးက အလေးအနက်ထားခြင်းခံရသော တရုတ်နိုင်ငံ၏ အဆိုပြုချက်တစ်ခုဖြစ်လာခဲ့သည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ၂ဝ၁၃ ခုနှစ်တွင် အဆိုပြုခဲ့သည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုတွင် ကုန်းမြေအခြေပြု ပိုးလမ်းမကြီး စီးပွားရေးပတ်လမ်း နှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီးတို့ ပါဝင်ပြီး ရှေးခေတ်ကုန်သွယ်ရေးလမ်းကြောင်းများ တစ်လျှောက် အာရှ ကို ဥရောပ၊ အာဖရိကတို့နှင့် ဆက်သွယ်ပေးသော ကုန်သွယ်ရေး နှင့် အခြေခံအဆောက်အအုံ ကွန်ရက် လမ်းကြောင်းတစ်ခု ကိုတည်ဆောက်ရန် ရည်ရွယ်သည်။

ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုသည် ငြိမ်းချမ်းမှု နှင့် ပူးပေါင်းဆောင်ရွက်ရေး စိတ်ခွန်အားကို ပွေ့ဖက်၍ ပွင့်လင်းမှုနှင့် အားလုံးပါဝင်နိုင်ခြင်း ၊ အပြန်အလှန်သင်ကြားခြင်း နှင့် အပြန်အလှန်အကျိုးအမြတ်ရှိခြင်းတို့ဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ကမ္ဘာ့နိုင်ငံပေါင်း ၁ဝဝ ကျော်တို့၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည်။ ၎င်းတို့အနက် ၄ဝ ကျော်သည် တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါသည့် တရုတ်-ဥရောပ ကုန်သေတ္တာတင် ရထားတစ်စင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် မြို့တော် ချန်ဒူးမှ စတင်ထွက်ခွာစဉ် (ဆင်ဟွာ)

မာရှယ်စီမံကိန်း မဟုတ်ပါ။

ခေတ်သစ်ပိုးလမ်းကြီးဖော်ဆောင်မှု နောက်ကွယ်တွင် တရုတ်နိုင်ငံ၏ ရည်ရွယ်ချက်များရှိပါသလားဆိုသည့် မေးခွန်းထုတ်ချက်များ အပေါ် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက “ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုအတွက် တိကျတဲ့ပထဝီဝင်အနားသတ် ဘောင်ကန့်သတ်ချက်ထားဖို့ကျွန်တော်တို့မှာ ရည်ရွယ်ချက်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အနှစ်သာရက နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအတွက် ဖော်ဆောင်မှုတစ်ခု ဖြစ်နေလို့ပါပဲ။ ပြီးတော့ စိတ်ဝင်စားတဲ့ ဒေသတွင်း နဲ့ နိုင်ငံအားလုံး ပါဝင်ဖို့တံခါးဖွင့်ထားပါတယ်” ဟု ပြောကြားခဲ့သည်။

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုကို ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံရေးပါသော ဥရောပပြန်လည်ထူထောင်ရေးအစီအစဉ် (Marshall plan) နှင့် နှိုင်းယှဉ်ပြီး ဝေဖန်ရေးသမားများက ရှုမြင်ခဲ့ကြသည်။

သို့သော်လည်း ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုသည် ဥရောပ ပြန်လည်ထူထောင်ရေး အစီအစဉ်မျိုးကဲ့သို့မဟုတ်ဘဲ တရုတ်နိုင်ငံအနေဖြင့် မည်သည့်အခါမျှ စစ်မဟာမိတ်အဖွဲ့ တည်ဆောက်မှာ မဟုတ်သလို စီးပွားရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ရည်မှန်းချက်သည် လက်ရှိ ကမ္ဘာ့မြေပြင်လုံခြုံရေးကို ပြောင်းလဲလိမ့်မည်ဟုတ်ပေ။

အမှန်စင်စစ် ကမ္ဘာကြီးက ပိုမိုပွင့်လင်းပြီး ပိုမိုပါဝင်နိုင်သော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကို အရေးတကြီး လိုအပ်လာချိန်တွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်ရေးကို အဆိုပြုခဲ့ကြခြင်းဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းဖြစ်ပွားခဲ့ပြီးနောက် ၉ နှစ်တာကာလအထိ ကမ္ဘာ့စီးပွားရေးသည် ပြန်လည်နာလန်ထူလာရန် ရုန်းကန်နေရဆဲဖြစ်သည်။ ယခင်နှစ်က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်အစီရင်ခံစာ နှင့် ကုလသမဂ္ဂ ကုန်သွယ်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ ထုတ်ပြန်ချက်အရ ကမ္ဘာ့ကုန်သွယ်ရေးသည် ၁ ရာခိုင်နှုန်းကျော်ခန့်သာ အနည်းငယ်တိုးတက်လာပြီး ကမ္ဘာတစ်ဝန်းတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း ၊ ယင်းမှာ ဘဏ္ဍာရေး အကျပ်အတည်းကာလ နောက်ပိုင်း အဆိုးဝါးဆုံး အနေအထားဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေးအတွက် အင်အားအရင်းအမြစ်များကို စုစည်းရာတွင် အစိတ်စိတ်အပိုင်းပိုင်းဖြစ်နေသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုက အခက်အခဲဖြစ်စေသည်။

အဆိုပါ အခြေအနေကို ဆန့်ကျင်၍ အားလုံးအတွက် ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများကို ပေးစွမ်းသည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုကို သမ္မတရှီက အဆိုပြုခဲ့ခြင်းဖြစ်သည်။

“ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုကို တရုတ်နိုင်ငံက အစပျိုးခဲ့တယ်ဆိုပေမယ့် တရုတ်နိုင်ငံတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ခေတ်သစ်ပိုးလမ်းမကြီး တစ်လျှောက်မှာ ရှိတဲ့ နိုင်ငံအားလုံးရဲ့ ပြည်သူတွေအတွက် အကျိုးအမြတ်တွေကို အမှန်တကယ်ယူဆောင်လာပေးမယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်” ဟု သမ္မတရှီက ဆိုသည်။

“ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ဂရုစိုက်နေတဲ့တစ်ချိန်တည်းမှာပဲ အခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ဂရုစိုက်ဖို့နဲ့ပိုပြီး အာရုံစိုက်ဖို့ကို ကျွန်တော်တို့က ဆောင်ရွက်သွားမှာပါ” ဟု သမ္မတရှီက ဆိုသည်။

“တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က အဆိုပြုခဲ့တဲ့ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုဟာ ဥရောပ နဲ့အာရှ အကြား အလွန်အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုကို သူက တွဲဆက်ပေးလိုက်တာပါပဲ” ဟု ယခင် ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean-Pierre Raffarin က တရုတ်ပြည်သူ့နေ့စဉ်သတင်းစာကို ပြောဆိုခဲ့သည်။ “ရှီ ရဲ့ ကမ္ဘာ့အမြင်ကို ပြသလိုက်တာပါပဲ။ ပြီးတေ့ာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဝင်လှုပ်ရှားလာအောင် လုပ်ဆောင်လိုက်ခြင်းလည်း ဖြစ်ပါတယ်” ဟု ဆိုသည်။

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုဟာ ကမ္ဘာကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်သစ်တစ်ခုကို ဖန်တီးရန် တရုတ်နိုင်ငံ၏ စွမ်းဆောင်ရည်ကို ပြသလိုက်သည့် ဖန်တီးမှုတစ်ခုဟု Raffarin က ပြောသည်။

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုမှတဆင့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် ( AIIB) ကို ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ၊ တရုတ်-ကုလသမဂ္ဂ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ တည်ထောင်ရန် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို မတည်ပေးခဲ့မှုမှတဆင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင်အင်အား ၈ဝဝဝ အထိ ပါဝင်ထားခြင်း အစရှိသည့် တရုတ်နိုင်ငံ၏ အဆိုပြုချက်များသည် အဓိကနိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်ယူမှု တာဝန်ခံမှုကို တရုတ်နိုင်ငံက ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်ကြောင်း Raffarin က ဆိုသည်။

အားလုံးအတွက် အကျိုးဖြစ်ထွန်းစေမှု

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုကို စတင်ဆောင်ရွက်ခဲ့သော ပြီးခဲ့သည့် သုံးနှစ်အတွင်း တရုတ်နိုင်ငံ နှင့် ရှေးဟောင်း ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများသည် ဘဏ္ဍာရေး နှင့် ရင်းနှီးမြှုပ်နှံမှု ၊ ကုန်သွယ်ရေး ၊ ထုတ်ကုန်ပမာဏ နှင့် အခြေခံအဆောက်အအုံ ချိတ်ဆက်မှုတွင် အပေါင်းလက္ခဏာ ဆောင်သည့် ရလဒ်များကို ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီး ဖြစ်ပါသည်။

မြေမြင် နှင့် ရေကြောင်းဆိုင်ရာလမ်းကြောင်းများ ၏ တည်ဆောက်မှုအပိုင်းတွင် မှတ်ကျောက်တင်မည့် တိုးတက်မှုများ ရှိခဲ့ပြီးဖြစ်သည်။ တရုတ် နှင့် ပါကစ္စတန် နိုင်ငံတို့ကို ချိတ်ဆက်ပေးမည့် Karakoram အဝေးပြေးလမ်းမကြီး ၊ ပါကစ္စတန်နိုင်ငံအတွင်းရှိ လာဟိုး-ကာရာချိ ကိုချိတ်ဆက်ပေးမည့် Multan-Sukkur အဝေးပြေးလမ်းပိုင်း ၊ တရုတ်-လာအို ရထားလမ်းပိုင်း နှင့် အင်ဒိုနီးရှားတွင် Yakarta-Bandung မြန်နှုန်းမြင့် ရထားလမ်းပိုင်းတို့သည် တည်ဆောက်မှု၏ ဒုတိယအဆင့် လုပ်ငန်းစဉ်အောက်တွင် လုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် သီရိလင်္ကာနိုင်ငံရှိ ကိုလံဘိုဆိပ်ကမ်းမြို့သည်လည်း စတင်ရုပ်လုံးပေါ်လာပြီဖြစ်ကာ တရုတ်နိုင်ငံ၏ အကြီးဆုံးသင်္ဘောတည်ဆောက်ရေးကုမ္ပဏီ COSCO က ဂရိနိုင်ငံရှိ Piraeus ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ထံမှ စီမံခန့်ခွဲမှုကို မနှစ်က လွှဲပြောင်း ရယူုဆောင်ရွက်ခဲ့သည်။

ထုတ်လုပ်မှုအပိုင်းတွင် တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၂ဝ နီးပါး နှင့်အတူ ပူးပေါင်း၍ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံဖြင့် အရေးကြီးစီမံကိန်းပေါင်း ၅၁ ခုကို အတည်ပြုလုပ်ကိုင်ခဲ့သည်။

ပြီးခဲ့သော နှစ်တွင် တရုတ်နိုင်ငံ နှင့် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများ၏ ကုန်သွယ်မှုတန်ဖိုးသည် တရုတ်ယွမ် ၆.၃ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၉၁၃ ဘီလီယံ) အထိရှိခဲ့သည်။အဆိုပါနိုင်ငံများတွင် တရုတ်နိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၄.၅ ဘီလီယံအထိ ရောက်ရှိခဲ့သည်။

ထို့အပြင် ခေတ်သစ်ပိုးလမ်းမကြီး၏ စီမံကိန်းများအတွက် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများလည်း ရှိခဲ့သည်။ တရုတ်နိုင်ငံ၏ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်(AIIB)တွင် ယခုအခါ အဖွဲ့ဝင် ၇၇ နိုင်ငံ အထိ ရှိလာပြီဖြစ်သည်။ ပိုးလမ်းမကြီးရန်ပုံငွေအတွက် အသုံးပြုမည့် ဒေါ်လာ ၄ဝ ဘီလီယံ တွင် ကနဦး စီမံကိန်းများအတွက် ဒေါ်လာ ၅.၃ ဘီလီယံကို စတင်ပေးအပ်ထားပြီး ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုများအလယ်တွင် ခေတ်သစ်ပိုးလမ်းမကြီးပူးပေါင်း ဆောင်ရွက်မှုသည် ကမ္ဘာ့စီးပွားရေးတိုးတက်လာစေရန် အဓိက အစမှတ်တစ်ခု ဖြစ်သည်။

“ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုရဲ့ ဆွဲဆောင်မှုအရှိဆုံး အချက်က ဘာလဲဆိုရင် သူက တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုထဲအတွက်မဟုတ်ဘဲ ပါဝင်နေတဲ့နိုင်ငံအားလုံးအတွက်လည်း အကျိုးအမြတ်ရှိနေလို့ပါပဲ” ဟု တရုတ်နိုင်ငံဆိုင်ရာ စပိန်နိုင်ငံသံအမတ်ကြီး Manuel Valencia က ဆိုသည်။

ယဉ်ကျေးမှုများ ဆုံတွေ့ရာနေရာ

ခေတ်ဟောင်းပိုးလမ်းမကြီးသည် တရုတ်နိုင်ငံ၏ လူမှုဘဝကို အိန္ဒိယ ၊ အာရပ် နှင့် ဥရောပ ယဉ်ကျေးမှုများဖြင့် ထိတွေ့စေခဲ့သည်။ ယနေ့ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုသည် အရှေ့နှင့် အနောက်ကို ပိုမိုနီးကပ်သွားအောင် တစ်ဖန် ပြန်လည်လုပ်ဆောင်ပေးခြင်းဖြစ်သည်။

“ခေတ်ဟောင်းပိုးလမ်းမဟာ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုထဲမဟုတ်ပါဘူး။ ချစ်ကြည်ရင်းနှီးမှု လမ်းကြောင်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု ရှီက ဆိုသည်။ ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများနှင့် ယဉ်ကျေးမှုဆိုင်ရာသဘောတူညီချက်ပေါင်း ၃ဝဝ ကျော်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် ၎င်းနိုင်ငံများတွင် ယဉ်ကျေးမှုစင်တာပေါင်း ၁၁ ခု ကိုလည်း တည်ဆောက်ထားပြီး ဖြစ်သည်။

တစ်ချိန်တည်းမှာပင် နိုင်ငံတကာ အနုပညာပွဲတော်များ ၊ ဖျော်ဖြေပွဲများနှင့် ဖိုရမ်များ အစရှိသည့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှုနှင့် ဆက်နွယ်သော ပြည်သူအချင်းချင်းဆက်ဆံရေးကိုလည်း အလေးထား တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်။

တရုတ်နိုင်ငံအစိုးရသည် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိနိုင်ငံများမှ နှစ်စဉ် ကျောင်းသားပေါင်း တစ်သောင်းကို တရုတ်နိုင်ငံ၌ လာရောက်ပညာသင်ကြားနိုင်ရန် ပိုးလမ်းမကြီး ပညာတော်သင်ဆုကို တည်ထောင်ခဲ့သည်။

“ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုဟာ စီးပွားရေးအတွက် သက်သက်မဟုတ်ပါဘူး။ ယဉ်ကျေးမှုပေါင်းစုံကို အပြန်အလှန်ဖလှယ်ခြင်းကို တွန်းအားပေးဖို့ နဲ့တည်ဆောက်ဖို့အတွက်လည်း ပါဝင်ပါတယ်” ဟု United Nations Alliance of Civilizations မှ အဆင့်မြင့်ကိုယ်စားလှယ် Nassir Abdulaziz Al-Nasser က ပြောကြားခဲ့သည်။ (Xinhua/Chen Shilei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.