Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အုပ်ချုပ်ရေးမှူး တို့တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အုပ်ချုပ်ရေးမှူး ချွေ့စိုင်အွန် (Chui Sai On) တို့တွေ့ဆုံစဉ်(ဆင်ဟွာ)

မကာအို ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် ရာထူးမှ အနားယူတော့မည့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အုပ်ချုပ်ရေးမှူး ချွေ့စိုင်အွန် (Chui Sai On) တို့သည် ဒီဇင်ဘာ ၁၈ ရက်ကတွေ့ဆုံခဲ့ကြောင်း နှင့် ထိုသို့တွေ့ဆုံစဉ် သမ္မတရှီက မကာအိုအုပ်ချုပ်ရေးမှူးအဖြစ် ၁၀ နှစ်ကြာ တာဝန်ယူခဲ့သည့် ချွေ့၏ လုပ်ဆောင်ချက်အပေါ် တရုတ်နိုင်ငံဗဟိုအစိုးရအနေဖြင့် အပြည့်အဝ အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် သမ္မတရှီက ချွေ့အနေဖြင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ကို ဦးဆောင်၍ “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” ၏ အခြေခံစည်းမျဉ်းစည်းကမ်းကို သစ္စာရှိစွာ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း နှင့် ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း တည်တည်ငြိမ်ငြိမ် နှင့် လက်တွေ့ကျကျသော လုပ်ဆောင်မှုတစ်ခုဖြင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) ၏ အခြေခံဥပဒေ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို တိကျစွာလိုက်နာကျင့်သုံးခဲ့ကြောင်း ၊ ကြီးမားသော အောင်မြင်မှုများစွာ ဆောင်ကြဉ်းပေးခဲ့ကြောင်း နှင့် မကာအိုဒေသ ဖွံ့ဖြိုးတိုးတက်ရေး နှင့် တည်ငြိမ်ရေးကို ခိုင်မာတောင့်တင်းစေြခင်း နှင့် တွန်းအားပေးခြင်း တို့ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“ ခင်ဗျားရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဗဟိုအစိုးရအနေနဲ့ အပြည့်အဝ အသိအမှတ်ပြုပါတယ်” ဟု ရှီက ချွေ့အားပြောကြားခဲ့သည်။

ပုံစာ – တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်နှင့် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အုပ်ချုပ်ရေးမှူး ချွေ့စိုင်အွန်  (Chui Sai On) တို့တွေ့ဆုံစဉ်(ဆင်ဟွာ) 

သမ္မတရှီက ချွေ့အနေဖြင့် တရုတ်နိုင်ငံ နှင့်မကာအို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အလေးဂရုပြုဆောင်ရွက်သွားရန် ၊ SAR အုပ်ချုပ်ရေးမှူးသစ်အား တက်ကြွစွာ ထောက်ခံအားပေးသွားရန် ၊ SAR အစိုးရအဖွဲ့၏ ဉပဒေစိုးမိုးရေးကိုအခြေခံသော အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရာ၌ ကူညီပေးသွားရန် နှင့် “ တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” ကိုကျင့်သုံးရာတွင် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်လုပ်ဆောင်သွားရန်အတွက် မျှော်လင့်ပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ချွေ့က မကာအိုအား ဂရုစိုက်ပေးခဲ့ခြင်းအပါအဝင် ၎င်းအပေါ်ယုံကြည်မှု နှင့် ထောက်ခံအားပေးမှု ပြုလုပ်ခဲ့သည့်အတွက် သမ္မတရှီ နှင့် ဗဟိုအစိုးရအား အထူးကျေးဇူးတင်ရှိပါကြောင်း လှိုက်လှဲစွာ ပြန်လည်ပြောကြားခဲ့သည်။

ဗဟိုအစိုးရအာဏာပိုင်များ၏ ခိုင်မာသောထောက်ခံအားပေးမှုနှင့်အတူ မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ နှင့် ပြည်သူများသည် မကာအို၏ အကျိုးစီးပွားဖြစ်ပေါ်တိုးတက်မှု နှင့် တည်ငြိမ်မှုကို  မကြာသေးခင်နှစ်များအတွင်း ခံစားခွင့်ရခဲ့ကြောင်း နှင့် ဉပဒေကိုအခြေခံသောအုပ်ချုပ်ရေးယန္တရားကို အကောင်အထည်ဖော်ရာတွင် SAR အစိုးရသစ်ကို ၎င်းအနေဖြင့် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း နှင့် မကာအို နှင့် တရုတ်နိုင်ငံအတွက် ၎င်းအနေဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချွေ့က ဆိုသည်။

တရုတ်နိုင်ငံသမ္မတရှီသည် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် ပဉ္စမမြောက် မကာအိုအထူးအုပ်ချုပ်ခွင့်ရဒေသ(SAR) အစိုးရဖွဲ့စည်းခြင်းအခမ်းအနားသို့ တက်ရောက်ရန် ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် မကာအိုသို့ရောက်ရှိလာခဲ့သည်။ ၎င်းသည် မကာအိုဒေသအတွင်း လှည့်လည်စစ်ဆေးသွားရန်ရှိကြောင်းလည်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.