Connect with us

Science & Technology

တရုတ်နိုင်ငံ၏ အမျိုးသမီး အာကာသယာဉ်မှူးက အာကာသ တစ်ဝက်ကို ဆုပ်ကိုင်ရန် အသင့်ဖြစ်နေပြီ ဟုပြော

တရုတ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူး Liu Yang အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး အမျိုးသမီး အာကာသယာဉ်မှူးက အမျိုးသမီးများ အနေဖြင့် အာကာသတွင် အလုပ်လုပ်ရန် အခွင့်အရေး အပြည့်အဝ ရှိနေပြီး ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။

“ အမျိုးသမီးတွေဟာ မွေးရာပါ ဗီဇအရ စိတ်ရှည်တယ်၊ ထိခိုက် ခံစားလွယ်တယ် ၊ စာနာတတ်တယ်။ အထူးသဖြင့် အာကာသယာဉ်ပေါ်မှာလို နေရာမျိုးမှာ ဆိုရင်တော့ သူတို့ဟာ ပဋိပက္ခတွေကို ပိုပြီးတော့တောင် ရှောင်ရှားချင်ကြမှာပါ” ဟု တရုတ်နိုင်ငံ၏ အာကာသနေ့အခမ်အနားတွင် Liu Yang က ပြောကြားသည်။

လွန်ခဲ့သော ၄၆ နှစ်က တရုတ်နိုင်ငံ၏ ပထမဆုံး ဂြိုဟ်တု စတင် လွှတ်တင်ခဲ့သည့် ဧပြီလ ၂၄ ရက်ကို အစွဲပြုပြီး ၎င်းနေ့ကို တရုတ်နိုင်ငံ၏ အာကာသနေ့ဟု အစိုးရက သတ်မှတ်ခဲ့သည်။ ထို့ပြင် အာကာသနေ့ နှစ်ပတ်လည် အခမ်းအနားကိုလည်း နှစ်စဉ် ကျင်းပခဲ့သည်။ ယခုနှစ် အာကာသနေ့အခမ်းအနားတွင် Liu က တရုတ်နိုင်ငံသည် ၂ဝ၂ဝ ပြည့်နှစ်တွင် အာကာသ အခြေစိုက် စခန်း တည်ဆောက်ပြီးပါက အာကာသထဲတွင် အချိန်ကြာကြာ နေထိုင်ရန် ၎င်း၏ အာကာသ ယာဉ်မှူးများကို စေလွှတ်သွားရန် စီစဉ်ထားကြောင်း ပြောကြားသည်။

“ အာကာသထဲမှာ အချိန်ကြာကြာ နေရမယ့် ခရီးစဉ်တွေ ဖြစ်လာရင်တော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာလည်း ပိုပြီး အရေးပါလာမှာပါ” ဟု Liu ကဆက်ပြောသည်။ တရုတ်နိုင်ငံသည် မိမိကိုယ်ပိုင် နည်းပညာပိုင်းဖြင့် အာကာသထဲသို့အမျိုးသမီး အာကာသယာဉ်မှူး စေလွှတ်သည့် တတိယနိုင်ငံ ဖြစ်လာမည်ဖြစ်ပြီး တရုတ်အမျိုးသမီးများ၏ အမူအကျင့်ပိုင်း ဆိုင်ရာ ပြောင်းလဲမှုအတွက် Liu ၏ အာကာသ ခရီးစဉ်သည် တစ်စိတ်တစ်ပိုင်း အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။

ယနေ့ခေတ်တွင် အာကာသ တစ်ဝက်ကို ဆုပ်ကိုင် ဆောင်ရွက်နိုင်ရန် အမျိုးသမီးများ အနေဖြင့် အသင့်ဖြစ်နေပြီး ဖြစ်ကြောင်း နှင့် တရုတ်အမျိုးသမီးများ အနေဖြင့် ကြီးကျယ်သော အခန်းကဏ္ဍများတွင် ပိုမို ပါဝင်ခွင့်ရရန် အချိန်ကောင်း နေရာကောင်း ဖြစ်နေပြီ ဟူ၍လည်း Liu က ယုံကြည်ထားသည်။

Liu အား တရုတ်နိုင်ငံ ဟန်နန် ( Henan ) ပြည်နယ်တွင် မွေးဖွားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် တရုတ်စစ်တပ်သို့ ဝင်ရောက် အမှုထမ်းခဲ့သည်။ ၂ဝ၁ဝပြည့် နှစ် မေလတွင် အာကာသယာဉ်မှူး တစ်ဦးအဖြစ် ရွေးချယ်ခြင်း မခံရမီ အချိန်ထိ ၎င်းသည် ဝါရင့် လေယာဉ်မှူး တစ်ဦးအဖြစ် တရုတ်နိုင်ငံ လေတပ်တွင် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)