Connect with us

Science & Technology

တရုတ်နိုင်ငံ၌ 5G ကွန်ရက် အခြေစိုက်စခန်းပေါင်း ၆၀၀,၀၀၀ ကျော်ထိရှိလာ

တရုတ်နိုင်ငံ၌ 5G တာဝါတိုင်များ စိုက်ထူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၎င်း၏ 5G ကွန်ရက်ကို တိုးချဲ့ရန်အတွက် အခြေစိုက်စခန်းများ ဆက်လက် တည်ဆောက်လျက်ရှိရာ ယခုအခါ နိုင်ငံတစ်ဝှမ်းတွင် 5G အခြေစိုက်စခန်းပေါင်း ၆၀၀,၀၀၀ ကျော်ထိ ရှိလာခဲ့ကြောင်း တရုတ်နိုင်ငံ စက်မှု နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန(MIIT) ၏ ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံအတွင်း 5G အသုံးပြုသူဦးရေ လျင်မြန်စွာ မြင့်တက်လာခြင်းနှင့်အတူ နည်းပညာကိရိယာများတွင် ကွန်ရက်ချိတ်ဆက်မှုသည် သန်းပေါင်း ၁၅၀ အထိ ရှိလာခဲ့ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။“ လာမယ့်သုံးနှစ်အတွင်း တရုတ်နိုင်ငံဟာ 5G နည်းပညာဖွံ့ဖြိုးမှုအပိုင်းမှာ စတင်ဖော်ဆောင်ခြင်း အဆင့်ထိ တက်လှမ်း နိုင်ပါလိမ့်မယ် ၊ ဒါကြောင့် အခြေစိုက်စခန်းတည်ဆောက်မှု လျင်လျင်မြန်မြန် တိုးချဲ့ဖို့ မဖြစ်မနေလိုအပ်တာပါ” ဟု MIIT မှ အရာရှိတစ်ဦးဖြစ်သူ Wen Ku က ဆိုသည်။

တရုတ်နိုင်ငံ၌ 5G တာဝါတိုင်များ စိုက်ထူနေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

COVID-19 ကပ်ရောဂါ ထိန်းချုပ်ရာတွင် 5G နည်းပညာပံ့ပိုးမှုနှင့်အတူ ဒီဂျစ်တယ်နည်းပညာများ အသုံးပြုမှု အရှိန်အဟုန်ကို မြင့်တက်စေခဲ့သည်။ ယင်းတို့ထဲတွင် ဒီဂျစ်တယ်ပစ္စည်းကိရိယာများအသုံးပြုခြင်း ၊ ဒီဂျစ်တယ်နည်းပညာဖြင့် ဝန်ဆောင်မှုများရယူခြင်း နှင့် ပြဿနာများအတွက် အဖြေရှာခြင်းတို့ ပါဝင်ကြောင်း သိရသည်။

5G အသုံးပြုသူအရေအတွက် ဆက်လက်မြင့်တက်လာခြင်းကြောင့် 5G နှင့်ဆက်စပ်သော တီထွင်ဆန်းသစ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများ စဉ်ဆက်မပြတ်တိုးတက်လာခဲ့ကြောင်း တရုတ်နိုင်ငံ သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာအကယ်ဒမီ အကြီးအကဲ Liu Duo က ဆိုသည်။(Xinhua)