Connect with us

Social, Education & Health

 တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အား ဇန်နဝါရီ ၂၈ ရက်က ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင်တွင် လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus)နှင့် ဇန်နဝါရီ ၂၈ ရက်က ပေကျင်းမြို့ မဟာပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သမ္မတရှီက လက်ရှိ တရုတ်နိုင်ငံ ပြည်သူများသည် ကိုရိုနာအဆုတ်ရောင်ရောဂါကို တိုက်ဖျက်လျက်ရှိကြောင်း ၊ အများပြည်သူ၏ အသက်အိုးအိမ်လုံခြုံရေးနှင့်ကျန်းမာရေးကို အစဉ်အမြဲဦးထိပ်ထားရာ ရောဂါကာကွယ်ထိန်းချုပ်ရေးသည် လက်ရှိတွင် အရေးကြီးဆုံးအလုပ်ဖြစ်ကြောင်း ၊ မိမိအနေဖြင့် တရုတ်နှစ်ကူးနှစ်ဆန်းတစ်ရက်နေ့တွင်မှာပင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီ အစည်းအဝေးခေါ်ယူကာ ရောဂါထိန်းချုပ်ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်ရန် ဘက်စုံစီမံခဲ့ရာ ကိုရိုနာ အဆုတ်ရောင်ရောဂါဖြေရှင်းရေး ဗဟိုဦးဆောင်အဖွဲ့ဖွဲ့စည်း၍ တပေါင်းတစည်းတည်းဦးဆောင်ညွှန်ကြားမှုများပြုလုပ်ပြီး ကဏ္ဍအလိုက် ဒေသအသီးသီးတွင် ရောဂါကာကွယ်ရေးများလုပ်ဆောင်ရန် ညွှန်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ရောဂါဘယသည် မကောင်းဆိုးဝါးမိစ္ဆာဖြစ်ရာ မိမိတို့အနေဖြင့် ဖုံးကွယ်သိုဝှက်ထား၍မရကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် ပွင့်လင်းမြင်သာမှု၊တာဝန်ယူမှုတာဝန်ခံမှုစိတ်ကို အစဉ်အမြဲထားရှိပြီး အားလုံး အာရုံစိုက်ဂရုပြုကြသည်များကို တုန့်ပြန်ကာ ရောဂါအခြေအနေများကို ပြည်တွင်းပြည်ပသို့ အချိန်မီ သတင်း ထုတ်ပြန်၍ နိုင်ငံတကာ အသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်မည်ဖြစ်ကြောင်း ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးကဏ္ဍတွင် အရေးပါသည့်ဆောင်ရွက်မှုများရှိရာ တရုတ်နိုင်ငံအနေဖြင့် WHOနှင့်ပူးပေါင်းဆောင်ရွက်မှုများကို အထူးအလေးထားကြောင်း  သမ္မတရှီက ပြောကြားခဲ့သည်။

ယခုရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် WHO ပါဝင်ဆောင်ရွက်ခြင်းကိုလည်း ကြိုဆိုကြောင်း  ၊ WHO ပညာရှင်များသည် ဝူဟန့်သို့ သွားရောက်၍ လက်တွေ့လေ့လာမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် WHO၊ နိုင်ငံတကာ လူမှုအသိုက်အဝန်းနှင့်အတူ ဒေသနှင့်ကမ္ဘာ၏ အများပြည်သူ ကျန်းမာဘေးကင်းစေရန် အတူ ကာကွယ်ဆောင်ရွက်သွားလိုကြောင်း ၊WHOနှင့် နိုင်ငံတကာအသိုက်အဝန်းကလည်း လက်တွေ့ကျကျမှန်ကန်စွာနှင့် ရောဂါအခြေအနေကို သုံးသပ် မည်ဟု ယုံကြည်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

သမ္မတရှီက  တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ဦးဆောင်မှု၊ တရုတ်နိုင်ငံဆိုရှယ်လစ်စနစ်၏ အားသာ ချက်များသည် ပြည်သူလူထုနှင့်အတူနီးကပ်စွာရှိရာ ယုံကြည်ချက်အပြည့်၊ တစ်စိတ်တစ်ဝမ်းတည်း ၊တက်ညီလက်ညီ ၊ သိပံ္ပနည်းကျ ရောဂါ ကာကွယ်ကုသရန် တိကျမှန်ကန်သည့်မူဝါဒများကို ဆောင်ရွက်ပြီး  ယခုရောဂါအခြေအနေကို ကာကွယ်တိုက်ဖျက်နိုင်မည်ဟု အပြည့်အဝယုံကြည် ကြောင်း ပြောကြားခဲ့သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က ရောဂါဘေးဘယကိုရင်ဆိုင်ရာတွင် တရုတ်နိုင်ငံအစိုးရသည် ခိုင်မာသည့် နိုင်ငံရေး သန္နိဌာန်များဖြင့် အချိန်မီ ထိရောက်သည့်နည်းလမ်းများကို အသုံးပြုခဲ့ရာ အများကလေးစားရကြောင်း ၊ သမ္မတရှီကိုယ်တိုင် ညွှန်ကြားစီမံမှုများသည် သာလွန်ထူးချွန်သည်ဦးဆောင်နိုင်စွမ်းပြသခဲ့ကြောင်း  ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် ပွင့်လင်းမြင်သာစွာ သတင်းများကို ထုတ်ပြန်ပေးသလို စံချိန်တင်အချိန်တိုအတွင်း ဗိုင်းရပ်စ်ရောဂါပိုးအား ခွဲခြားစိစစ်နိုင်ခဲ့ပြီး  အချိန်မီ WHOနှင့်တကွ အခြားနိုင်ငံများနှင့် ရောဂါပိုး၏မျိုးရိုးဗီဇ ဖြစ်စဉ် (viral gene sequences) အချက်အလက်များကို အသိပေးမျှဝေခဲ့ကြောင်း ၊ ၎င်းဆောင်ရွက်ချက်များမှာ တရုတ်နိုင်ငံ ပြည်သူများကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ် ရုံသာမက ၊ ကမ္ဘာ့ပြည်သူများကိုလည်း ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တက်ဒရော့စ်က တရုတ်နိုင်ငံသည် ဆောင်ရွက်ချက်များကို ကျယ်ကျယ်ပြန့်ပြန့်လျှင်မြန်စွာလုပ်ဆောင်နိုင်မှုသည် ကမ္ဘာတွင် အလွန်ရှားကြောင်း၊ ထို့အပေါ် မိမိ ကျေနပ်နှစ်သိမ့်ရကြောင်း ၊ ၎င်းမှာ တရုတ်နိုင်ငံ စနစ်၏ အားသာချက်ဖြစ်ရာ သက်ဆိုင်ရာအတွေ့အကြုံများသည် အခြားနိုင်ငံများ လေ့လာထိုက်ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဆောင်ရွက်မှုများသည်  ထိရောက်အောင်မြင်စွာဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း၊ WHO အနေဖြင့် တရုတ်နိုင်ငံ၏ရောဂါတိုက်ဖျက်ရေးဆောင်ရွက်မှုများကို ခိုင်မာစွာထောက်ခံ ကြောင်း ဆွေးနွေးညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်သွားကာ လိုအပ်သည့် အကူအညီများကိုလည်း ပေးလိုကြောင်း ၎င်းကဆိုသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)သည် သိပံ္ပနည်းကျ ၊လက်တွေ့ကျစွာနှင့်ဆောင်ရွက်သွားမည်ဖြစ်ရာ မမှန်မကန်၊အတိုင်းထက်အလွန်တုန့်ပြန်ပြောဆိုမှုများကိုလည်း ဆန့်ကျင်ကြောင်း ၊ ကမ္ဘာ့ ကျန်းမာရေးကဏ္ဍတွင် တရုတ်နိုင်ငံ၏အရေးပါသည့် ဆောင်ရွက်ချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အထူးအားရကျေနပ်ကြောင်းနှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆက်လက် လက်တွဲလုပ်ဆောင်သွားလိုကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင် ၊ ဗဟိုအတွင်းရေးမှူးဌာန အတွင်းရေးမှူး နှင့် ဗဟို လုပ်ငန်းဆောင်ရွက်မှုရုံး ညွှန်ကြားရေးမှူး တင်းရွှဲရှန်၊ တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ၊ တရုတ်နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ တို့ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.