Connect with us

Social, Education & Health

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြသူ အလွန်များပြားသဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာ ကန့်သတ်ခြင်းကို ဆောင်ရွက်ရမည်

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာနေသူ အမျိုးသား တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂၃ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြသူ အလွန်များပြားသဖြင့် ၎င်းတို့အား သတ်မှတ် နေရာများတွင် အသွားအလာ ကန့်သတ်ခြင်း (facility quarantine) ကိုဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ နေအိမ်များတွင် အသွားအလာကန့်သတ်ခြင်း (home quarantine) ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။

ပြန်လည်ဝင်ရောက်လာကြသူများအနေဖြင့် သတ်မှတ်ထားသည့် အချက်များကို အသိစိတ်ဓာတ်ရှိစွာဖြင့် တိကျစွာ လိုက်နာကာ ၁၄ ရက်တာ ကာလအထိ နေအိမ်တွင် အသွားအလာ ကန့်သတ် နေထိုင်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ရောဂါဖြစ်ပွားမှု ရှိပါက ချက်ချင်းသိရှိကာ လျင်မြန်စွာကုသမှုပေးနိုင်မည်ဖြစ်ပြီး မိမိ၏ မိဘ၊ ဆွေမျိုးများနှင့် အိမ်နီးချင်းများကို ရောဂါမကူးစက်စေရန် ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းကို ၎င်းတို့အား သေချာစွာပြောကြားအသိပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက မတ် ၂၂ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့သော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃၈/၂၀၂၀)တွင် ထည့်သွင်း ပြောကြားခဲ့သည်။

နေအိမ်များတွင် အသွားအလာကန့်သတ်နေထိုင်သူများအနေဖြင့် နေ့စဉ် သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ တယ်လီဖုန်းဖြင့် မဖြစ်မနေသတင်းပေးပို့ရမည် ဖြစ်ကြောင်း ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဆောင်ရွက်ခြင်း ရှိ၊ မရှိကိုလည်း ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများက ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ယခုအခါ COVID-19 ရောဂါသည် ကမ္ဘာ့နိုင်ငံပေါင်း (၁၈၅) သို့ ကူးစက် ပြန့်ပွားနေပြီး ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားအများအပြားသည် ပြည်တွင်းသို့ ဝင်ရောက်နေပြီ ဖြစ်သဖြင့် မိမိတို့နိုင်ငံတွင်းသို့ ရောဂါဝင်ရောက် ဖြစ်ပွားနိုင်ချေသည် ပိုမိုမြင့်မားလာကြောင်းလည်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ထည့်သွင်း ပြောကြားခဲ့သည်။

နယ်စပ်ဝင်ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုများဆောင်ရွက်နေမှုများကို အားဖြည့် ဆောင်ရွက်နိုင်ရန် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) နှင့် ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) တို့ပါဝင်သည့် အဖွဲ့မှ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)