Connect with us

ASEAN

တောင်ကိုရီးယားနိုင်ငံတွင် တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံပြီးနောက် သေဆုံးသူ ၄၈ ဦးထိ ရှိလာ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဘတ်စ်ကားဂိတ်တွင် နှာခေါင်းစည်းတပ်ရန် နှိုးဆော်သည့် ဗီနိုင်းအား အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တုပ်ကွေးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးပြီးနောက် သေဆုံးမှုဖြစ်ပွားသူ အရေအတွက်သည် ပြီးခဲ့သည့်ရက်ကထက် ၁၂ ဦးတိုးလာရာ စုစုပေါင်း ၄၈ ဦးထိ ရှိသွားပြီဖြစ်ကြောင်း တောင်ကိုရီးယားရောဂါစီမံခန့်ခွဲရေးဌာန၏ အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးသူ အရေအတွက်ကိုသာ ဖော်ပြခြင်းဖြစ်ရာ ကာကွယ်ဆေးကြောင့် သေဆုံးရခြင်းဖြစ်သည်ဆိုသော တိုက်ရိုက်ဆက်စပ်မှု ရှိမရှိကိုမူ လက်ရှိအချိန်ထိ မတွေ့ရှိရသေးကြောင်း အဆိုပါဌာနက အလေးထား ဖော်ပြခဲ့သည်။ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ယခုနှစ် တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံပေးမည့် လုပ်ငန်းသည် အထူးအရေးကြီးရာ လက်ရှိအချိန်ထိ တစ်နိုင်ငံလုံး ကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်ကို ရပ်တန့်ပစ်ရန် မစဉ်းစားသေးကြောင်း တောင်ကိုရီးယားရောဂါစီမံခန့်ခွဲရေးဌာန အကြီးအကဲ Jeong Eun-kyeongက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကာကွယ်ဆေးမထိုးမီ ရေများများသောက်ခြင်း၊ မိမိ၏ ကျန်းမာရေးအခြေအနေကို ဆေးဝန်ထမ်းများအား အချိန်မီပြောကြားခြင်းများလုပ်ဆောင်ရန်နှင့် ကာကွယ်ဆေးထိုးပြီးနောက် ၁၅ မိနစ်မှ မိနစ် ၃၀ ခန့် နေ၍စောင့်ကြည့်ရန် ပြင်းထန်သည့်အခြားလက္ခဏာများမရှိမှသာ ကာကွယ်ဆေးထိုးနှံသည့်နေရာမှ ပြန်လည် ထွက်ခွာကြရန်လည်း ၎င်းက နှိုးဆော်ပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့လမ်းမများတွင်  ကိုဗစ်ကာကွယ်တားဆီးရေးအတွက် ပိုးသတ်ဆေးများ ဖျန်းနေသည်ကို အောက်တိုဘာ ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ လူဦးရေ ၅၂ သန်းခန့်တွင် အစိုးရက လူပေါင်း ၁၉ သန်းခန့်အား တုပ်ကွေးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည့်အစီအစဉ်တွင် လူငယ်လူရွယ်များနှင့် သက်ကြီးရွယ်အိုလူကြီးများ ပါဝင်ကြောင်း သိရသည်။ကာကွယ်ဆေးထိုးနှံပြီးနောက် ပထမဆုံးသေဆုံးမှုသည် အောက်တိုဘာ ၁၆ ရက်တွင် ဖြစ်ပွားခဲ့ပြီး သေဆုံးသူမှာ အသက် ၁၇ အရွယ် လူငယ်တစ်ဦးဖြစ်ကြောင်း သိရသည်။ သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ဆေးရာတွင် ကာကွယ်ဆေးထိုးနှံခြင်းနှင့် သက်ဆိုင်မှုမရှိကြောင်း သိရသည်။
 
ကာကွယ်ဆေး ထိုးနှံပြီးနောက် သေဆုံးသူ၏ ၈၀ ရာခိုင်နှုန်းသည် အသက် ၇၀ နှစ်အထက် သက်ကြီးရွယ်အိုများ ဖြစ်သည်။ သေဆုံးသူရုပ်လောင်း ၂၀ ခန့်ကို စစ်ဆေးရာတွင် ၁၃ ဦးသည် ကာကွယ်ဆေး ထိုးနှံမှုကြောင့် မဟုတ်ဘဲ နှလုံးသွေးကြောရောဂါနှင့်အခြားရောဂါများကြောင့် သေဆုံးရခြင်းဖြစ် ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပြီးနောက် သေဆုံးမှုဖြစ်ပွားသည့် အကြောင်းအရင်းကို အတိအကျ သိရှိနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ပညာရှင်များနှင့်ဆက်လက် စိစစ်လျက်ရှိကြောင်း Jeong Eun-kyeongက ဆိုသည်။

သို့သော် နိုင်ငံရေးပုဂ္ဂိုလ်အချို့နှင့် ဆေးပညာရှင်အချို့ကမူ သေဆုံးသူအားလုံး၏ အကြောင်းအရင်းကို တိတိကျကျ စစ်ဆေးမှုမပြုသေးမီ တစ်နိုင်ငံလုံးအတိုင်းအတာအရ တုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံမှုကို ခေတ္တရပ်တန့်ထားသင့်ကြောင်း တိုက်တွန်းပြောကြားမှုများ ရှိနေသည်။တောင်ကိုရီးယားနိုင်ငံ ရောဂါ စီမံခန့်ခွဲမှုဌာန၏ ထုတ်ပြန်ချက်များအရ အောက်တိုဘာ ၂၃ ရက်အထိ အခမဲ့ကာကွယ်ဆေးထိုးနှံမှုကြောင့် မသက်သာသည့်လက္ခဏာပြသူ ယခုနှစ်အတွင်း စုစုပေါင်း ၁,၁၅၄ ဦး ရှိကြောင်း သိရသည်။ (Xinhua)