Connect with us

ASEAN

ထိုင်းနိုင်ငံရှိ ပြည်နယ် ၃၂ ခုတွင် COVID-19 ကန့်သတ်ချက်များ ဖြေလျှော့သွာရန် ကျန်းမာရေးဝန်ကြီး အဆိုပြု

ထိုင်းနိုင်ငံ ဘန်ကောက်ရှိ BTS မိုးပျံရထားဘူတာတစ်ခုတွင် COVID-19 တိုက်ဖျက်ရေး ပညာပေး လုပ်ဆောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၃၂ ခုတွင် စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်တချို့ဖြေလျှော့သွားရန် COVID-19 အခြေအနေစီမံခန့်ခွဲရေး စင်တာ (CCSA) ထံ အဆိုပြုသွားမည်ဟု ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးက မီဒီယာများအား ဧပြီ ၂၀ ရက်က ပြောကြားခဲ့သည်။

သို့သော် နှာခေါင်းစည်းများ ဝတ်ဆင်ရန်၊ ဘေးကင်းသည့်အကွာအဝေးရှိရန်၊ အပူချိန်တိုင်းတာမှုများ ဆက်လက်ပြုလုပ်ရန်နှင့် မလုပ်မနေရ ၁၄ ရက် အသွားအလာကန့်သတ်စောင့်ကြည့်မှုများလည်း ဆက်လက်ပြုလုပ်ရန် ဝန်ကြီးဌာနက အကြံပြုခဲ့သည်။ 

ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်အကိုင်ပေါင်း ၇ သန်းမှ ၁၀ သန်း အကြား ဆုံးရှုံးမှုရှိလာကြောင်း ထိုင်းအစိုးရအပေါ် ဖိအားပေးခဲ့ပြီး ယခုကဲ့သို့  ဖြေလျှော့မှုများ ပြုလုပ်ရန် အဆိုပြုလာခြင်းဖြစ်သည်။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အကြံပေးတစ်ဦးဖြစ်သည့် Kamnuan Ungchusak က အစိုးရအနေဖြင့် စီးပွားရေး နာလန်ထူရန် အစွမ်းကုန်ကြိုးပမ်းနေကြောင်း၊ ဘားများ၊ စားသောက်ဆိုင်များ၊ ကာရာအိုကေကလပ်များ၊ အနှိပ်ခန်းမ၊ လက်ဝှေ့ရုံများကဲ့သို့ ဖျော်ဖြေရေးဆိုင်ရာ စီးပွားရေးလုပ်ငန်း တချို့ကိုမူ ရောဂါဖြစ်ပွားမှုပြီးဆုံးသည်အထိပိတ်ထားသင့်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဧပြီ ၁၄ ရက်မှစတင်၍ ပြည်နယ် ၃၂ ခုတွင် နှစ်ပတ်အတွင်း COVID-19အတည်ပြုမှုအသစ် မရှိပါက မေ ၁ ရက်မှစတင်ကာ ကန့်သတ်ချက်တချို့ကို ဖြေလျှော့နိုင်သည်ဟု ပြောကြားခဲ့သည်။ထို့ပြင် ရောဂါဖြစ်ပွားမှုအသစ်များ ဆက်လက်တွေ့ရှိနေရသည့် ဘန်ကောက်၊ ချောင်ဘူရီ၊ နွန်သာဘူရီ၊ ဖူးခက်၊ စမွတ်ပရာခန်၊ ပတ္တနီနှင့် ယာလာ အပါအဝင် ပြည်နယ်များ၌ ဇွန်လနောက်ပိုင်းမှ စတင်၍ စီးပွားရေးလုပ်ငန်းများ ပြန်စတင်နိုင်မည်ဟု Kamnuan က ဆိုသည်။  (Xinhua)