Connect with us

ASEAN

ဖိလစ်ပိုင်နိုင်ငံ၌ အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦး COVID-19 ရောဂါ စစ်ဆေးတွေ့ရှိ ၊ တတိယမြောက် ကူးစက်ခံရသည့် ဝန်ကြီးဖြစ်လာ

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ နှာခေါင်းစည်း တပ်ဆင်၍ စက်ဘီးစီးနင်းသွားလာနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

 မနီလာ ၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ) 

ဖိလစ်ပိုင်နိုင်ငံ ပြည်သူ့လုပ်ငန်းခွင် နှင့် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Villar က ယနေ့ ဇူလိုင် ၁၅ ရက်၌ ၎င်းတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပြီးနောက်  နိုင်ငံအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရသည့် တတိယမြောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးဖြစ်လာခဲ့သည်။  

“ကျွန်တော့်မှာ COVID-19 ရောဂါ ကူးစက်ခံထားရတယ်ဆိုတဲ့ ဆေးစစ်ချက်အဖြေကို ဒီနေ့ပဲ လက်ခံရရှိခဲ့တာကို စိတ်မကောင်းစွာနဲ့ အားလုံးကို အသိပေးပါတယ်”ဟု ဝန်ကြီး Mark Villar က ၎င်း၏ Facebook လူမှုကွန်ရက် Fackbook မှတဆင့် ယနေ့ နံနက်တွင် ရေးသားဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ ပြည်ထဲရေး နှင့် ဒေသန္တရအစိုးရ ဝန်ကြီးဌာန ဝန်ကြီး Eduardo Ano တွင် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း တွေ့ရှိခဲ့ပြီးနောက် ဧပြီလတွင် ဖိလစ်ပိုင် နိုင်ငံ ပညာရေး ဝန်ကြီး Leonor Briones တွင်လည်း COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ယခုအခါ ၎င်းတို့ နှစ်ဦးစလုံးမှာ ရောဂါ ပြန်လည်သက်သာကောင်းမွန်သွားပြီ ဖြစ်ကြောင်း သိရသည်။ 

ဖိလစ်ပိုင် နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Delfin Lorenzana နှင့် ဖိလစ်ပိုင်နိုင်ငံ စစ်ဦးစီးချုပ် Felimon Santos တို့သည် ဗိုင်းရစ်ပိုးကူးစက်ခံထားရသော စစ်ဘက်လက်ထောက်တစ်ဦးနှင့် ထိတွေ့မိခဲ့ရာ ၎င်းတို့နှစ်ဦးအနေဖြင့် သီးခြားခွဲ၍ နေထိုင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း ဇူလိုင် ၁၄ ရက်တွင် ပြောကြားခဲ့သည်။ ယခုအခါ ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၅၇,၅၄၅ ဦး ရှိပြီး ၎င်းတို့အနက် ၁,၆၀၃ ဦး သေဆုံးခဲ့ပြီး ၂၀,၄၅၉ ဦး ပြန်လည်သက်သာကောင်းမွန်သွားပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)