Connect with us

CHINA

ကာကွယ်ဆေးနှင့် ဆက်စပ်သောလုပ်ငန်းများ မြှင့်တင်ရေး အဆင့်မြင့် ဥပဒေပြုအမတ် တိုက်တွန်း

တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် Sinovac Biotech လီမိတက်၌ COVID-19 ကာကွယ်ဆေး (COVID-19 inactivated vaccine) နမူနာကို ဝန်ထမ်းတစ်ဦးက ပြသနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အဆင့်မြင့် ဥပဒေပြုအမတ်တစ်ဦးက ကာကွယ်ဆေး သုတေသနပြုခြင်း၊ ဖော်ထုတ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများကို တက်ကြွစွာ မြှင့်တင်ရန် လိုအပ်ကြောင်းနှင့် ကူးစက်ရောဂါများ အထူးသဖြင့် COVID-19 ကူးစက်ရောဂါ တိုက်ဖျက်ရေးတွင် ကာကွယ်မှု နှင့် ထိန်းချုပ်မှုအတွက် ကာကွယ်ဆေးများကို အကောင်းဆုံးအသုံးပြု ဆောင်ရွက်ရန် အလေးထားပြောကြားခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝမ်ချန်းက  ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁ ရက်က စတင်အသက်ဝင်ခဲ့သော ကာကွယ်ဆေး စီမံခန့်ခွဲမှုဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ ဩဂုတ် ၂၅ ရက်က ပြုလုပ်ခဲ့သည့် စာတမ်းဖတ်ပွဲ၌ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။ 

ကာကွယ်ဆေးများသည် ကူးစက်ရောဂါများ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အထိရောက်ဆုံးနှင့် စရိတ်သက်သာဆုံးနည်းလမ်းဖြစ်ကြောင်းနှင့် ကာကွယ်ဆေး စီမံခန့်ခွဲမှုဆိုင်ရာဥပဒေသည် တရုတ်နိုင်ငံ ကာကွယ်ဆေးများ ကောင်းကောင်းမွန်မွန် ထုတ်လုပ်ရန်အတွက် ခိုင်မာသော ဥပဒေကြောင်းအရ အာမခံချက်များ ကို  ပံ့ပိုးပေးထားခြင်း ဖြစ်သည်ဟု ဝမ်က ဆိုသည်။ 

ထို့ပြင် ဝမ်သည် COVID-19 ကာကွယ်ဆေး သုတေသနပြုခြင်း၊ ဖော်ထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ထောက်ပံ့ခြင်းများဆိုင်ရာ တိုးတက်စေရန် တိုက်တွန်းခဲ့သလို COVID-19 ရောဂါတိုက်ဖျက်ရေးတိုက်ပွဲတွင် အောင်နိုင်ရန် ဘေးကင်း၍ ထိရောက်သော ကာကွယ်ဆေးများဖြစ်စေရန် ပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua)