Connect with us

CHINA

ဝူဟန့်တက္ကသိုလ်တွင် ကျောင်းသား ၉,၁၀၀ ကျော် ပြန်လည်ရောက်ရှိ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဝူဟန့်တက္ကသိုလ်တွင် ရူပဗေဒဘာသာရပ် ပို့ချချက်ကို တက်ရောက်သင်ကြားနေသည့် ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် တစ်ချိန်က COVID-19 ရောဂါကူးစက်မှုကို အပြင်းအထန်ခံစားခဲ့ရပြီးနောက် ၈ လခန့်အကြာတွင် ဝူဟန့်တက္ကသိုလ်သို့ ကျောင်းသား ၉,၁၀၀ ကျော် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ဘွဲ့မရသေးကျောင်းသားများသည် တရုတ်နိုင်ငံရှိ ဂုဏ်သတင်းအကြီးမားဆုံးတက္ကသိုလ်တစ်ခုဖြစ်သည့် ဝူဟန့်တက္ကသိုလ်၌ ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာ ၄ ရက်အထိ လွတ်သွားသောသင်ခန်းစာများကို ပြန်လည်သင်ယူရမည် ဖြစ်သည်။ ဝူဟန့်တက္ကသိုလ်၏ ဘွဲ့ကြိုကောလိပ် ကျောင်းအုပ် ကျန်းရှောင်တုံက ဘာသာရပ် ၁၀၆ ခုကို လွှမ်းခြုံမည်ဖြစ်သော ပြန်လည်သင်ကြားမည့် သင်ခန်းစာများအား ကူးစက်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း အွန်လိုင်းသင်ခန်းစာများအဖြစ် သင်ယူခဲ့ရကြောင်း ၊ ယခုအခါ လက်တွေ့သုတေသနစမ်းသပ်ချက်များနှင့် အခြားသင်ခန်းစာများကိုမူ ကျောင်းသားကိုယ်တိုင် တက်ရောက်သင်ကြားရန် ကျောင်းတွင်း သင်ကြားရေး စီစဉ်ထားကြောင်း ကျန်းက ဆိုသည်။ 

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ ဝူဟန့်တက္ကသိုလ်တွင် သင်ခန်းစာပို့ချချက်ကို တက်ရောက်သင်ကြားနေသည့် ကျောင်းသားများအား တွေ့ရစဉ် (ဆင်ဟွာ)

ဩဂုတ် ၂၄ ရက်က နှာခေါင်းစည်းတပ်ဆင်ထားသော ကျောင်းသားများသည် စာသင်ခန်းအတွင်း ရူပဗေဒပို့ချချက်ကို တက်ရောက်သင်ကြားခဲ့သည်။ “ဘယ်လိုအသုံးပြုရမလဲဆိုတာ ပြန်ပြောတာ၊ လေ့လာတာတွေက စာသင်ခန်းထဲမှာ ပိုပြီးအဆင်ပြေတယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ ပါမောက္ခနဲ့ အချိန်မီ အပြန်အလှန်ပြောနိုင်၊ ဆက်သွယ်နိုင်တယ်” ဟု ကျောင်းသားတစ်ဦးဖြစ်သော Zhao Sobo က ပြောခဲ့သည်။

ယင်းတက္ကသိုလ်၏ ရူပဗေဒနှင့် နည်းပညာကျောင်း ပါမောက္ခတစ်ဦးဖြစ်သူ Shi Ying က ၎င်းအနေဖြင့် သင်ခန်းစာများအတွက် အချိန်များစွာယူခဲ့ရကြောင်း ပြောကြားခဲ့သည်။ “ကျောင်းသားအားလုံးကို စာသင်ခန်းထဲမှာ အတူကွတွေ့ရမယ်ဆိုတော့ ကျွန်တော် စိတ်သက်သောင့်သက်သာဖြစ်မိတယ်။ ကျွန်တော်တို့အားလုံး ဆက်ပြီးလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Shi က ဆိုသည်။ 

တက္ကသိုလ်၏ စာကြည့်တိုက်ကိုလည်း ဩဂုတ် ၂၄ ရက်က ဖွင့်လှစ်ခဲ့ကြောင်း စာကြည့်တိုက်သို့ သွားမည့်သူများအနေဖြင့် ၎င်းတို့၏ ကျန်းမာရေး QR ကုတ်ရှိရမည်ဖြစ်ပြီး ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် နှာခေါင်းစည်းများ တပ်ဆင်ရန်လိုအပ်ကြောင်း သိရသည်။ 

 ဟူပေပြည်နယ်တွင် ဩဂုတ် ၂၄ ရက်က COVID-19 ရောဂါ ရောဂါလက္ခဏာမပြသူ သို့မဟုတ် သံသယရှိသူ အသစ်မရှိကြောင်း ပြည်နယ်ဆိုင်ရာ ကျန်းမာရေးကော်မရှင်က ဩဂုတ် ၂၅ ရက်၌ ပြောသည်။ ဟူပေပြည်နယ်တွင် စုစုပေါင်း COVID-19 အတည်ပြုလူနာ ၆၈,၁၃၉ ဦးရှိခဲ့ပြီး အများဆုံးမှာ ဝူဟန့်မြို့မှဖြစ်ကြောင်း၊ ယင်းအနက် လူနာ ၆၃,၆၂၆ ဦးမှ ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။ ယင်းပြည်နယ်၌ COVID-19 ရောဂါကြောင်း သေဆုံးသူ အရေအတွက်မှာ ၄,၅၁၂ ဦးရှိကြောင်း သိရသည်။  (Xinhua)