Connect with us

CHINA

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် ဖုန်းဆက် ဆွေးနွေး 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၆ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်နှင့် မတ် ၂၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 ထိုသို့ ဆွေးနွေးရာတွင် သမ္မတရှီက တရုတ်နိုင်ငံ COVID-19 ရောဂါ ဖြစ်ပွားစဉ် ကာလအစောပိုင်း တွင် ဝန်ကြီးချုပ်အိန်ဂျလာမာကဲလ် အနေဖြင့် နှစ်သိမ့်အားပေးထောက်ခံကြောင်း ပြောကြားခဲ့သလို ဂျာမနီအစိုးရနှင့် နယ်ပယ်အသီးသီးကလည်း လက်ကမ်းကူညီမှုများပေးအပ်ခဲ့ရာ တရုတ်နိုင်ငံ ပြည်သူ့အနေဖြင့် အမြဲထာဝရ မှတ်သားလျက်ရှိကြောင်း ၊ လက်ရှိတွင် ကပ်ရောဂါဆိုးဝါးမှုကို ဂျာမနီနိုင်ငံက ရင်ဆိုင်နေရချိန်တွင် တရုတ်နိုင်ငံပြည်သူများက ထပ်တူ စာနာမိကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးကို ခိုင်မာစွာ အားပေးထောက်ခံသလို တတ်နိုင်သမျှ အစွမ်းကုန် ဆက်လက် ကူညီဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

နှစ်နိုင်ငံကျွမ်းကျင်ပညာရှင်များက ဗွီဒီယိုဖြင့် ဆွေးနွေးဖလှယ်ခဲ့ကြသလို ဂျာမနီပညာရှင်များသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)ပညာရှင်အဖွဲ့နှင့်အတူ တရုတ်နိုင်ငံသို့ လာရောက်ကြည့်ရှု ခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့်အတူ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး အတွေ့အကြုံများကို မျှဝေသွားလိုပြီး ကာကွယ်ဆေးနှင့်ကုသဆေးဝါး သုတေသနပြုရာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားကာ နှစ်နိုင်ငံ ကျန်းမာရေးနှင့် ကမ္ဘာ့ ပြည်သူ့ကျန်းမာရေး လုံခြုံမှုအတွက် အကျိုးပြုဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ရောဂါပိုးမွှားသည် နိုင်ငံဒေသမရွေးတည်ရှိနိုင်ရာ လူသားအားလုံးအတူရင်ဆိုင်ရမည့် ဘုံစိန်ခေါ်မှု ဖြစ်ရာ မည်သည့်နိုင်ငံကမျှ တစ်ကိုယ်ကောင်းစိတ်ဖြင့် မသက်ဆိုင်သလို လက်ပိုက်နေနိုင်မည် မဟုတ်ကြောင်း၊ ယခု ကပ်ရောဂါ တိုက်ဖျက်ရေးတွင် တရုတ်-ဂျာမနီ၊ တရုတ်-ဥရောပ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု၏ အင်အားကို ထင်ဟပ်စေရန် အပြုသဘောဆောင်ခဲ့ကြောင်း ၊ G20 အဖွဲ့နိုင်ငံခေါင်းဆောင်များ COVID-19 ရောဂါ ဖြေရှင်းရေး အထူးထိပ်သီးအစည်းအဝေးကို မကြာမီကျင်းမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံအပါအဝင် ဘက်ပေါင်းစုံနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

မျက်မှောက်နှင့်ရေရှည်အတွက် နိုင်ငံအတွင်းနှင့်ကမ္ဘာ့ပေါ် သက်ရောက်မှုများ ကိုင်တွယ်စီမံရန် စီးပွားရေး တစ်ရပ်လုံးဆိုင်ရာ မူဝါဒညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း ၊ဈေးကွက်တည်ငြိမ်တိုးတက်မှုရှိစေရန် ၊ အလုပ်အကိုင်များ တည်ငြိမ်မှုရှိစေကာ ပြည်သူအများစားဝတ်နေရေး အာမခံမှုရှိစေရန် ဆောင်ရွက်ရမည့်တစ်ချိန်တည်းတွင်  ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုပစ္စည်း ပံ့ပိုးမှု ကွင်းဆက်များပွင့်လင်း၊ တည်ငြိမ်၊ လုံခြုံမှုရှိစေရန် ဈေးကွက်တံခါးဖွင့်မှုကို တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်ကလည်း လက်ရှိ ဥရောပတိုက်တွင် ကပ်ရောဂါအခြေအနေဆိုးဝါးလျက်ရှိရာ ဂျာမနီနိုင်ငံအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြတ်သားစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ အချိန်မီကူညီထောက်ပံ့ပေးမှုများအား ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကာကွယ်ဆေး၊ကုသဆေး သုတေသနပြုထုတ်လုပ်ရေးစသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားကာ စည်းလုံးညီညွတ်စွာ ကပ်ရောဂါတိုက်ဖျက်ရေး၏စံနမူနာအဖြစ် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ 

ဂျာမနီနိုင်ငံအနေဖြင့် အဖြစ်မှန်ကိုအခြေခံသည့် တရားမျှတမှုကို လက်ကိုင်ထားကာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ ကပ်ရောဂါကို လက်တွဲဖြေရှင်းသွားမည်ဖြစ်ကြောင်း ၊G20အဖွဲ့ဝင်များအနေဖြင့် လက်ရှိ အကြပ်အတည်းကို ကျော်လွှားရန် ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး တည်ငြိမ်မှုကို ရှေ့ဆောင်နိုင်ရန်  ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ကာ အပြန်အလှန်အားပေးဖေးမ ဆောင်ရွက်သွားသင့်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဂျာမနီ-တရုတ် ၊ ဥရောပ-တရုတ် ပူပေါင်းဖလှယ်မှုများကို ဆက်လက်တွန်းအားပေး ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)