Connect with us

CHINA

ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရက ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အားသွန်ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ AsiaWorld-Expoအဝင် Intelligent disinfection channelအား ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဩဂုတ် ၅  ရက် (ဆင်ဟွာ) 

ဆိုးဝါးလှသည့် COVID-19 ကပ်ရောဂါ တတိယလှိုင်းကို ရင်ဆိုင်ရာတွင် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရနှင့် လူအဖွဲ့အစည်းအသိုက်အဝန်းအသီးသီးက စည်းလုံးညီညွတ်စွာလက်တွဲကာ ကပ်ရောဂါကို အမြန်ဆုံးတားဆီးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ အမြန်ဆုံး ရောဂါထိန်းချုပ်နိုင်ရန်နှင့် ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ရန် ဟောင်ကောင်ဒေသ အစိုးရက ရက်ဆက် ရောဂါ ကာကွယ်ရေး နည်းလမ်းများကို တင်းကြပ်ထားသလို ဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးမှုများ၊ သီးခြားခွဲထားနေရာများကို တိုးချဲ့ထားရာတွင် ဗဟိုအစိုးရ၏အားဖြည့်ကူညီမှုကို တောင်းခံထားကြောင်း သိရသည်။ 

ဇူလိုင် လဆန်းပိုင်းမှစ၍ ဟောင်ကောင်တွင် ဖြစ်ပွားသည့် ကိုဗစ် တတိယလှိုင်း၏ အခြေအနေမှာ ဆိုးဝါးလှကြောင်း သိရသည်။ အတည်ပြုလူနာအများစုသည် ရပ်ရွာအတွင်းကူးစက်ပြန့်နှံ့ခြင်းဖြစ်သလို တစ်ရက်အတွင်းအတည်ပြုလူနာ ၁၀၀ကျော်ရှိသည့်အနေအထားသည် ၁၀ ရက်ဆက်တိုက်ရှိပြီး ရပ်ရွာများအတွင်း အုပ်စုလိုက်ရောဂါကူးစက်မှုအခြေအနေများရှိရာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုစနစ်စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။ ဟောင်ကောင်တွင် လက်ရှိ အရေးတကြီးလုပ်ဆောင်ရမည်မှာ ဗိုင်းရပ်စ်ရောဂါပိုးစစ်ဆေးမှုကို တိုးမြှင့်ခြင်းပင်ဖြစ်သည်။ ထို့အတွက်လည်း ဒေသအစိုးရက ရောဂါစစ်ဆေးမည့် နေရာများကို အဆက်မပြတ်တိုးချဲ့ခဲ့သလို ဗဟိုအစိုးရ၏ ကူညီအားဖြည့်မှုကိုလည်း တောင်းခံခဲ့သည်။ 

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏ AsiaWorld-Expoအတွင် ကိုဗစ်လူနာများအား လက်ခံကုသရန် ပြင်ဆင်ဆောင်ရွက်ထားသည်ကို ဩဂုတ် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဇူလိုင်လကုန်တွင် ဒေသအစိုးရက ချေယွင်ဆန်းရောဂါပိုးစစ်ဆေးရေးအစီအစဉ်ကို စတင်တွန်းအားပေးဆောင်ရွက်ခဲ့ပြီး အများပိုင်အိမ်ယာ ၅ ခုတွင် နေထိုင်သူများအား အခမဲ့ဆေးစစ်ပေးခဲ့သလို  အငှားဆိုင်များ၊ ဘတ်စ်ကား ယာဉ်မောင်းများနှင့် အထူးစာသင်ကျောင်း အဆောင်နေဝန်ထမ်းများကို ရောဂါစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ လူပေါင်း ၅ သိန်းခန့်ကို ဆေးစစ်ရန် တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည်။ 

 ဩဂုတ် ၂ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ဗဟိုအစိုးရမှ စေလွှတ်သော အဖွဲ့ဝင် ၇ ဦးပါသည့်  Nucleic Acid ဆေးစစ်မှု ကူညီထောက်ပံ့ရေးအဖွဲ့သည် ဟောင်ကောင်သို့ ရောက်ရှိခဲ့ပြီး ယာယီဓါတ်ခွဲခန်းလုပ်ငန်းများအတွက် ကူညီပြင်ဆင်မှုများလုပ်ဆောင်ခဲ့ရာ ဆေးစစ်မှုစွမ်းရည်ကို များစွာ တိုးမြှင့်နိုင်ခဲ့သည်။ 

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏မြင်ကွင်းတစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းကလည်း ထိုမတိုင်မီ အစိုးရအတွင်း ကပ်ရောဂါ တိုက်ဖျက်မှုစောင့်ကြည့်ညွှန်ကြားရေး ကော်မတီ အစည်းအဝေး ခေါ်ကာ တိကျသည့်လမ်းညွှန်ချက်များ ပေးခဲ့ကြောင်း သိရသည်။ ဟောင်ကောင် ပြည်သူများအားလုံး တစ်စိတ်တစ်ဝမ်း ကပ်ရောဂါကိုတိုက်ဖျက်ရန်အတွက်လည်း ကယ်ရီလမ်းက  နှိုးဆော်ခဲ့သည်။ 

အဆက်မပြတ်တိုးပွားလာသည့် ရောဂါကူးစက်မှုများက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်အတွက် ဧရာမ စိန်ခေါ်မှုဖြစ်စေသည်။ အစိုးရဆေးရုံများ၏ ဝန်ဖိအားကို လျှော့ချစေရန် လူနာများ ဆေးရုံတက်ရန် စောင့်ဆိုင်းသည့်အချိန်လျော့နည်းစေရန်၊ အခြေအနေဆိုးသည့် လူနာများအတွက် အစိုးရဆေးရုံကြီးက နေရာပေးနိုင်ရန် ဒေသအစိုးရသည် လီယွီမန်ဥယျာဉ်နှင့် အပန်းဖြေနေရာ ရပ်ရွာများတွင် သီးခြားခွဲထားစခန်းထားရှိသလို AsiaWorld-Expo ဝန်းအတွင်းတွင်လည်း ဆေးကုသရေးအတွက် ပြင်ဆင်ထားသည်။ 

Nucleic Acid ရောဂါစစ်ဆေးရေးတွင် ကူညီပေးရန်  တရုတ်နိုင်ငံ ပြည်မကြီးမှ စေလွှတ်သော အဖွဲ့သည် ဩဂုတ် ၂ ရက်က ဟောင်ကောင်ဒေသသို့ ရောက်ရှိစဉ်(ဆင်ဟွာ)

AsiaWorld-Expo ဝန်းအတွင်းရှိ ဆေးကုသမှုများကို ဩဂုတ် ၁ ရက်တွင် စတင်ခဲ့ရာ ထိုနေ့မှာပင် လူနာ၂၂ ဦးကို လက်ခံခဲ့သည်။ AsiaWorld-Expoတွင် ပထမအဆင့်အနေဖြင့် ကုတင် ၅၀၀ ယာယီဆေးရုံ ရှိသည်။ 

လက်ရှိ ဟောင်ကောင် ဆေးဘက်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ ကုတင်နေရာများ ပို၍ စီမံထားရှိကာ နေ့စဉ် လူနာ ၁၂၀မှ ၁၄၀ အလှည့်ကျ လက်ခံ ကုသနိုင်ရန် AsiaWorld-Expo အမှတ် ၂ ပြခန်းကို ယာယီဆေးရုံအဖြစ်ပြောင်းလဲတည်ဆောက်ရန် စတင်စီစဉ်နေပြီဖြစ်သည်။ 

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏မြင်ကွင်းတစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ယာယီဆေးရုံတည်ဆောက်ရေးတွင် ကူညီ ပံ့ပိုးပေးရန် ဗဟိုအစိုးရမှစေလွှတ်ထားသော  ကူညီထောက်ပံ့ရေးအဖွဲ့တစ်ဖွဲ့သည်လည်း ဟောင်ကောင်သို့လာရန် ပြန်ဆင်နေပြီဖြစ်သည်။ ယင်းအဖွဲ့က ဒေသအစိုးရ၏ AsiaWorld-Expo ပြပွဲခန်းမကို ဖောင်းချန်း ယာယီဆေးရုံပုံစံ တည်ဆောက်မှုတွင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

တရုတ်နိုင်ငံ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ၏မြင်ကွင်းတစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

 ကပ်ရောဂါ တတိယလှိုင်းကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန် ဒေသအစိုးရမှ ရက်ဆက် လျှင်မြန်ပြတ်သားစွား လုပ်ဆောင်ခဲ့ရာတွင် ဇူလိုင် ၉ ရက်မှ ဇူလိုင်လကုန်အထိဆိုလျှင် ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ၅ ကြိမ် တင်းကြပ်စွာ ဆောင်ရွက်ခဲ့ရာ အများပြည်သူသွားလာသည့်နေရာများ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရန်နှင့် လူစုလူဝေးလူဦးရေကန့်သတ်ချက်ကို ၄ ဦးမှ ၂ ဦးအထိ တိုးမြှင့်ခဲ့ခြင်းများ ပါဝင်ကြောင်း သိရသည်။ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့ ရုံးအဖွဲ့မှူး ကျန်းကျန့်ကျုံးက ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်းနေထိုင်ကြရန်၊ လူအများနှင့် အနီးကပ်ထိတွေ့မှု၊ အပြင်ထွက် စားသောက်မှုများကို လျှော့ချရန် တိုက်တွန်းထားသလို အလုပ်ရှင်များအနေဖြင့်လည်း ဝန်ထမ်းများအား နေအိမ်၌ အလုပ်လုပ်ခွင့်ပြုသင့်ကြောင်း ပြောကြားခဲ့သည်။ 

တစ်ချိန်တည်းတွင်မှာ ဒေသအစိုးရက ကပ်ရောဂါဖြစ်ပွားမှုအခြေအနေကို အနီးကပ်စောင့်ကြည့်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ ပညာရှင်များ၏ အကြံပြုချက်အရ ရောဂါ ကာကွယ်တားဆီးရေးနည်းလမ်းများ၏ ထိရောက်မှုများကို စစ်ဆေးလျက်ရှိရာ ဗျူဟာများကိုအချိန်မီ ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။ Social Distance တင်းကြပ်ကန့်သတ်မှုများအပြင် ဒေသတွင်းသို့ဝင်ရောက်လာသူများအား ရောဂါစစ်ဆေးခြင်း၊ စူပါကွန်ပြူတာ၏အထောက်အကူဖြင့် လိုက်လံစောင့်ကြည့်ခြင်း ဘက်စုံဆောင်ရွက်လျက်ရှိသည်။ 

ထို့အပြင် လူစုလူဝေးဖြစ်ပွားမည်ကို ရှောင်ရှားရန်အတွက် ဟောင်ကောင်ဒေသ အစိုးရက အခြားနိုင်ငံများနှင့် ဒေသများ၏ အတွေ့အကြုံကို လေ့လာကာ သတ္တမမြောက် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲအချိန်ကို ရွှေ့ဆိုင်းခဲ့သည်။ ထိုသို့ ဆောင်ရွက်မှုများသည် ပြည်သူ့ကျန်းမာရေးလုံခြုံမှုကို အထောက်အကူဖြစ်စေသလို ပွင့်လင်းမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ဖြစ်ကြောင်း ဟောင်ကောင်ဒေသ လူမှုအသိုက်အဝန်းအသီးသီးက သဘောတူမှတ်ချက်ပြုကြသည်။ 

“အထူးဒေသအစိုးရအနေနဲ့ ကပ်ရောဂါတိုက်ဖျက်မှုကို အစွမ်းကုန် ဆက်လက် အလေးထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရောဂါကပ်ဘေးအခြေအနေ တည်ငြိမ်မှသာ အများပြည်သူ၏ ကျန်းမာရေးလုံခြုံမှုအာမခံချက်ရှိနိုင်မှာဖြစ်သလို စီးပွားရေးအခြေအနေ အမြန် ပြန်လည်ကောင်းမွန်လာမှာဖြစ်တယ်”ဟု ကျန်းကျန့်ကျုံးက ဩဂုတ် ၂ ရက်တွင် ၎င်း၏ Blogက တစ်ဆင့် ပြောကြားခဲ့သည်။ အထူးဒေသအစိုးရအနေဖြင့် အများပြည်သူ အကျိုးစီးပွားနှင့်ကိုက်ညီအောင် ပြည်သူ့ကျန်းမာရေးလက်တွေ့အခြေအနေ နည်းလမ်းအသွယ်သွယ်ဖြင့် ကပ်ရောဂါဘေးတိုက်ဖျက်မှုများဆောင်ရွက်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ဗဟိုအစိုးရအနေဖြင့် ဟောင်ကောင်ဒေသပြည်သူများ၏ ကျန်းမာရေးကဏ္ဍကို အထူးအလေးထား ကူညီအားဖြည့်ပေးလျက်ရှိရာ သက်ဆိုင်ရာလုပ်ငန်းများ လျင်မြန်စွာ ပြီးမြောက်လာပြီဖြစ်ကြောင်းနှင့် ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် အထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)