Connect with us

CHINA

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့ COVID-19 တုံ့ပြန်ရေးအတွက် ဖုန်းဖြင့်ဆက်သွယ်ပြောကြား

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အကူပြုနိုင်ရန် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ ဧပြီ ၂၄ ရက်က ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်သည် ဧပြီ ၂၄ ရက်နေ့က မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် COVID-19 ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး တယ်လီဖုန်းကတစ်ဆင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်က တရုတ်နိုင်ငံသည် အခက်ခဲဆုံးသော ကပ်ရောဂါတိုက်ဖျက်ရေးကာလကို ခက်ခဲသော ကြိုးပမ်းအားထုတ်မှုများဖြင့် ဖြတ်သန်းခဲ့ကြောင်းနှင့် နိုင်ငံ၏ ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး အခြေအနေများအား အပြုသဘောဆောင်သော လမ်းကြောင်းသို့ ပိုမိုခိုင်မာအောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တပ်မတော်အနေဖြင့် မြန်မာနိုင်ငံနှင့်အတူ  နယ်စပ်ဒေသများတွင် ကပ်ရောဂါပျံ့နှံမှု ပူးတွဲထိန်းချုပ်ရန် ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ထိန်းချုပ်မှုများ ခိုင်မာစွာဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ဝေက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကလည်း တရုတ်နိုင်ငံ၏ ထောက်ပံ့၊ ကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ပတ်ဝန်းကျင်ဒေသများသို့ ကပ်ရောဂါ ပျံ့နှံ့မှုကို ထိရောက်စွာ ထိန်းချုပ်နေသည့်အတွက်လည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံမှုကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်းနှင့် ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင်  ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး ဆက်လက်ဆောင်ရွက်သွားရန် ဆန္ဒရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။  (Xinhua)