Connect with us

CHINA

ပေကျင်းမြို့ရှိ လက်ကားဈေးမှ COVID-19 လူနာ ၃၃၅ ဦးလုံး သက်သာပျောက်ကင်း

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ရှင်းဖားတိ လက်ကားဈေး ပိတ်ထားပြီးနောက် အရောင်းအဝယ်ပြုလုပ်ရန် သတ်မှတ်ထားသော ယာယီနေရာငါးခုအနက် တစ်ခုတွင် သစ်သီးကုန်စည်များကို အောက်သို့ချနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့တော် ရှင်းဖားတိ လယ်ယာထွက်ကုန်လက်ကားဈေးတွင် COVID-19 အစုလိုက်ဖြစ်ပွားမှုမှ နောက်ဆုံးလူနာမှာ ဆေးရုံမှဆင်းသွားခဲ့ပြီဖြစ်သဖြင့် အဆိုပါအုပ်စုမှ ၃၃၅ ဦးလုံးသက်သာပျောက်ကင်းကာ ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း မြို့တော် ကျန်းမာရေးကော်မရှင်က ဩဂုတ် ၇ ရက်တွင် ပြောကြားခဲ့သည်။ 

ကျန်းမာရေးကော်မရှင် အချက်အလက်များအရ ရောဂါအတည်ပြုလူနာများမှာ အမျိုးသား ၁၈၇ ဦးနှင့် အမျိုးသမီး ၁၄၈ ဦးဖြစ်ပြီး အသက်အရွယ်အားဖြင့် ပျမ်းမျှ ၄၂ နှစ်ဝန်းကျင်ရှိကာ ဆေးရုံ၌ ပျမ်းမျှ ၂၇ ရက်ခန့် နေထိုင်ခဲ့ကြရကြောင်း သိရသည်။ 

ဇွန် ၁၁ ရက်တွင် COVID-19 ဖြစ်ပွားမှုပြန်လည်မြင့်တက်လာစဉ်ကတည်းက ရှင်းဖားတိလက်ကားဈေးနှင့် ဆက်စပ်သော COVID-19 လူနာ ၃၃၅ ဦးအား ပေကျင်းမြို့ Ditan ဆေးရုံတွင် ကုသမှုပေးခဲ့သည်။ Ditan ဆေးရုံ COVID-19 ကုသရေးတွင် အခြားဆေးရုံမှ စုစုပေါင်း ဆရာဝန် ၁၀၅ ဦးက ကူညီခဲ့သည်။ ယင်းသို့ ကူညီပေးစဉ် ကျန်းမာရေးဝန်ထမ်း မည်သူမျှ ရောဂါကူးစက်ခံရခြင်းမရှိခဲ့ပေ။ 

အဆိုပါ လူနာများအနက် ငါးဦးမှာ အပြင်းအထန်ဖျားနာခဲ့ကာ ၂၁ ဦးမှာမူ စိုးရိမ်ဖွယ်အခြေအနေဖြစ်ခဲ့ကြောင်း သိရသည်။ 

Ditan ဆေးရုံသည် ကူးစက်ရာဂါဆိုင်ရာ အသွားအလာကန့်သတ်မှု ဆောင်ရွက်ချက်များမှ လျော့ပါးသွားခဲ့ပြီဖြစ်ပြီး တဖြည်းဖြည်း ပုံမှန်လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။  (Xinhua)