Connect with us

INTERNATIONAL ORGANIZATION

COVID-19 တစ်ကျော့ ပြန်လည်ခေါင်းထောင်လာမည်ကို နိုင်ငံအသီးသီးက သတိမူကြရန် WHO နှိုးဆော်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရုံးချုပ်၌ WHO အမှတ်တံဆိပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျီနီဗာ၊ မေ ၁၂ ရက်(ဆင်ဟွာ)

ယခုကာလများတွင် နိုင်ငံအများစုက COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို တစ်စတစ်စပြန်လည်ဖြေလျှော့မှုများပြုလုပ်လာခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က နိုင်ငံအသီးသီးအနေဖြင့် ဗိုင်းရပ်စ်အန္တရာယ်တစ်ကျော့ပြန်လည်ခေါင်းထောင်လာမည်ကို သတိမူကြရန် မေ ၁၁ ရက်က တိုက်တွန်းနှိုးဆော်ခဲ့သည်။

သက်ဆိုင်ရာစမ်းသပ်မှုများအရ လူအနည်းစု၏ခန္ဓာကိုယ်တွင်သာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကို ခုခံသည့် ပဋိဇီဝပစ္စည်း (antibody)ရှိနေကြောင်း၊ ယင်းမှာ အများစုတွင် ရောဂါပိုးကူးစက်လွယ်သည်ကို ဖော်ညွှန်းနေခြင်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်က မေ ၁၁ ရက်တွင် ကျင်းပသော ဗွီဒီယို သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ ဖြေလျှော့ပြီးနောက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ဖြေရှင်းရန် ၊ပြည်သူ့ကျန်းမာရေးအာမခံချက်ရှိမည့် အဓိကနည်းလမ်းများကို လုပ်ဆောင်နိုင်ရန် WHOက နိုင်ငံအသီးသီးရှိအစိုးရများနှင့် နီးကပ်သည့် ပူးပေါင်းရွက်မှုများလုပ်ဆောင်နေကြောင်း၊ ကာကွယ်ဆေးသုတေသနပြုထုတ်လုပ်နိုင်ခြင်းမရှိမီ ဘက်စုံ ကာကွယ်ထိန်းချုပ်ခြင်းသည် ဗိုင်းရပ်စ်အန္တရာယ်ကို ကာကွယ်သည့် အထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ထိုမတိုင်မီ WHOက ထုတ်ပြန်သည့် လမ်းညွှန်ချက်တွင် နိုင်ငံအသီးသီးအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ဖြေလျှော့ခြင်းမပြုမီ ကပ်ရောဂါ၏အခြေအနေ ထိန်းချုပ်နိုင်မှုရှိမရှိ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ဖြေလျှော့ပြီးနောက် တစ်ကြော့ပြန်လည် ဆိုးဝါးလာမည့် ကပ်ရောဂါအခြေအနေကို ဆေးကုသမှုကျန်းမာရေးစနစ်က ဖြေရှင်းနိုင်မှုရှိမရှိနှင့် ပြည်သူ့ကျန်းမာရေးစောင့်ကြည့်မှုစနစ်သည် ရောဂါအခြေအနေ ပြောင်းလဲမှု လက်ဝယ်သိရှိနိုင်ရန် ရောဂါစစ်ဆေးခြင်း၊ တည်ပြုလူနာနှင့်အနီးကပ်ထိတွေ့သူများကို ခြေရာခံစောင့်ကြည့်နိုင်စွမ်းရှိမရှိစသည့် အဓိကအချက်သုံးချက်ကို  ကြိုတင်ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်ကို ဖော်ပြပြီးဖြစ်ကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။ 

မူဝါဒချမှတ်ဆုံးဖြတ်သူများအနေဖြင့် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် မည်သို့ သော နည်းလမ်းများဖြင့် သင်ကြားပို့ချမည်ဟု ဆုံးဖြတ်ခြင်းမပြုမီ ကလေးငယ်များ၏ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေနှင့် ကူးစက်ခံရပါက ဆိုးဝါးနိုင်မှုအခြေအနေများကို ရှင်းရှင်းလင်းလင်းသိရှိထားရန်၊ စာသင်ကျောင်းတည်နေရာဝန်းကျင်တွင် ကပ်ရောဂါအခြေအနေဆိုးဝါးမှုရှိမရှိ ၊ စာသင်ကျောင်းများ၏ ရောဂါကြိုတင်ကာကွယ်ရေးနှင့် စီမံထိန်းချုပ်နိုင်မှုအခြေအနေစသည့် အချက်သုံးချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ဆိုသည်။ 

COVID-19 ကပ်ရောဂါဖြစ်ပွားသည့်အခါ ကမ္ဘာတစ်ဝန်း ဆေးဘက်ဆိုင်ရာပစ္စည်းများ၏ဖြန့်ကျက်မှု မညီမျှသည့်လိုအပ်ချက် ပေါ်လွင်လာရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် မေ ၁၂ ရက်တွင် နည်းပညာရရှိမှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး အစီအစဉ်ကို စတင်မည်ဖြစ်ပြီး ၎င်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံဒေသများတွင် အရေးကြီး ကျန်းမာရေးဆိုင်ရာပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းနှင့် အသက်ရှူစက် စသည်တို့ကို ပိုမိုထုတ်လုပ်နိုင်စေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းမိတ်ဖက်ဆက်ဆံရေးပုံစံသစ်သည် အပြန်အလှန် စည်းလုံးညီညွတ်စွာ ရိုင်းပင်းကူညီကြသည့် နမူနာတစ်ခုဖြစ်ရာ ကျန်းမာရေးကဏ္ဍ ဆန်းသစ်တီထွင်မှုနည်းပညာများ အလိုအပ်ဆုံးသော နေရာဒေသများ၌ အသုံးပြုလည်ပတ်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း တက်ဒရော့စ်က ပြောကြားခဲ့သည်။ (Xinhua)